သက်တံ့
၁၇. ၈. ၂၀၂၆
နယ်စပ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများရှိ လူဦးရေပုံစံ ပြောင်းလဲမှုများကို လေ့လာဆန်းစစ်ရန် ဒေသဆိုင်ရာ လူဦးရေပြောင်းလဲမှု လေ့လာရေး အဆင့်မြင့်ကော်မတီ (HLCDC) အဖွဲ့ဝင် လေးဦးသည် ဩဂုတ် ၁၀ ရက်က အိန္ဒိယနိုင်ငံ ဂျမူး (Jammu) ဒေသသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ်၊ ဂျမူးရှိ နယ်စပ်ခရိုင် ၁၀ ခုနှင့် ကက်ရှ်မီးရ်တောင်ကြား (Kashmir Valley) ရှိ ခရိုင် ၆ ခုအတွင်း အခြေချနေထိုင်သည့် ဘင်္ဂါလီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဆိုင်ရာ နောက်ဆုံးရ အချက်အလက်များကို အရာရှိများက တင်ပြခဲ့ကြောင်း ThePrint က သိရှိရသည်။
အိန္ဒိယအစိုးရ၏ အချက်အလက်များအရ ဂျမူးဒေသရှိ ခရိုင် ၁၀ ခုတွင် ဘင်္ဂါလီ ၆,၇၃၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၆ ဦး ပြန့်နှံ့နေထိုင်လျက်ရှိသည်။ ကက်ရှ်မီးရ်တောင်ကြားရှိ ခရိုင် ၆ ခုတွင်မူ ဘင်္ဂါလီ ၉၁၉ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅၈ ဦး ရှိသည်။
လုံခြုံရေးအဖွဲ့အစည်းများမှ သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့် နှစ်နစ်အတွင်း ဘင်္ဂါလီ အခြေချနေထိုင်သည့် အရေအတွက်မှာ အနည်းငယ်မျှသာ တိုးတက်လာခဲ့သော်လည်း၊ ၎င်းတို့သည် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် လူမှောင်ခိုကူးမှုများအပါအဝင် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲချက်များကြောင့် စိုးရိမ်မှုများ ဆက်လက်ရှိနေသည်။
ကော်မတီသို့ တင်ပြသည့် တရားဝင် အချက်အလက်များအရ ဂျမူးဒေသတွင် ဘင်္ဂါလီအမျိုးသား ၁၇၉ ဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်သည့် အမှုပေါင်း ၁၀၁ မှုကို မှတ်တမ်းတင် အရေးယူထားသည်။ ကက်ရှ်မီးရ်တောင်ကြားတွင်မူ အမျိုးသမီး ၄၁ ဦးနှင့် အမျိုးသား ၄ ဦး ပါဝင်သည့် အမှုပေါင်း ၁၆ မှုကို မှတ်တမ်းတင်ထားကြောင်း သတင်းရင်းမြစ် အများအပြားက အတည်ပြုခဲ့သည်။
“နယ်စပ်ခရိုင်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ စောင့်ကြည့်စစ်ဆေးရေး စနစ်တွေကို တင်းကြပ်ဖို့ လိုအပ်ချက်တွေအပေါ် အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ကော်မတီက တွေ့ဆုံခဲ့ပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂျမူးဒေသတွင် ဘင်္ဂါလီများ အများစုနေထိုင်သည့် ခရိုင်များမှာ Doda၊ Jammu၊ Kathua၊ Kishtwar၊ Poonch၊ Rajouri၊ Reasi၊ Samba၊ Udhampur နှင့် Ramban တို့ ဖြစ်ကြသည်။ ကက်ရှ်မီးရ်ဒေသတွင် Srinagar၊ Budgam၊ Ganderbal၊ Anantnag၊ Pulwama၊ Shipian၊ Kulgam၊ Baramulla၊ Bandipora နှင့် Kupwara ခရိုင်တို့ ဖြစ်ကြသည်။
ဘင်္ဂါလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို အခြေပြုသည့် မွတ်စလင် အများစုပါဝင်သော လူမျိုးစုဖြစ်ပြီး “နေထိုင်ခွင့်ရ နိုင်ငံခြားသား” သို့မဟုတ် “ဧည့်နိုင်ငံသား” အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းတို့သည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက် ပဋိပက္ခများနှင့် စစ်ဘက်ဆိုင်ရာ ဖြိုခွင်းမှုများကြောင့် အိန္ဒိယသို့ အမြောက်အမြား ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
တရားမဝင် ဝင်ရောက်လာမှုနှင့် အခြားအကြောင်းအရာများကြောင့် ဖြစ်ပေါ်လာသည့် လူဦးရေပုံစံ ပြောင်းလဲမှုများကို လေ့လာရန်နှင့် ထိုပြောင်းလဲမှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ အကြံပြုရန် ပြည်ထဲရေးဝန်ကြီးဌာန (MHA) က မေလ ၂၆ ရက်တွင် အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေသည့် တရားမဝင် ဝင်ရောက်လာသူများကို ဥပဒေနှင့်အညီ အချိန်သတ်မှတ် ထိန်းသိမ်းခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်နိုင်ရန် စနစ်တကျရှိပြီး အမြဲတမ်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ လမ်းညွှန်ချက်နှင့်အတူ အစီရင်ခံစာကို နောက်တစ်နှစ်အတွင်း တင်ပြရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျမူးနှင့် ကက်ရှ်မီးရ်ဒေသအတွင်း ဘင်္ဂါလီများ အခြေချနေထိုင်မှုဆိုင်ရာ နိုင်ငံရေးအရ ဆွေးနွေးပြောဆိုချက်များတွင် စိတ်ဝင်စားဖွယ် ကွဲလွဲချက်များရှိကြောင်း ရဲအရာရှိကြီးတစ်ဦးက ThePrint သို့ ပြောကြားခဲ့သည်။
“ဘင်္ဂါလီတွေဟာ မွတ်စလင် အများစုဖြစ်တာကြောင့် ကက်ရှ်မီးရ်တောင်ကြားဘက်ကို သွားကြလိမ့်မယ်လို့ ထင်စရာရှိပေမဲ့ သူတို့ရဲ့ အများစုဟာ ဂျမူးဒေသမှာပဲ အခြေချနေထိုင်ကြပြီး တောင်ကြားဘက်မှာတော့ အရေအတွက် အလွန်နည်းပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။
အဆိုပါ ဘင်္ဂါလီအများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာလာပြီးနောက် ဟိုက်ဒရာဘတ် (Hyderabad) သို့ သွားရောက်ခဲ့ကြပြီး၊ ထိုမှတစ်ဆင့် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များတွင် ဂျမူးဒေသသို့ သွားရောက်ကာ အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ဂျမူးဒေသအတွင်း ဘင်္ဂါလီများ အခြေချနေထိုင်မှုသည် နယ်စပ်ဧရိယာများနှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ အချို့သော ပုဂ္ဂိုလ်များမှာ ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေမှုကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း အခြားအရာရှိတစ်ဦးက ပြောသည်။
စုံစမ်းစစ်ဆေးချက်များအရ ဘင်္ဂါလီအမျိုးသမီးများကို ဂျမူးမှ ကက်ရှ်မီးရ်တောင်ကြားသို့ ကက်ရှ်မီးရ် အမျိုးသားများက ခေါ်ဆောင်သွားပြီး တရားမဝင် သို့မဟုတ် ခေါင်းပုံဖြတ်သည့် ပုံစံများဖြင့် ထိမ်းမြားလက်ထပ်သည့် ဖြစ်စဉ်များကို တွေ့ရှိခဲ့ရသည်ဟု အဆိုပါ အရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။
“အချို့သော ဖြစ်စဉ်တွေမှာ ဒီအမျိုးသမီးတွေဟာ အတင်းအဓမ္မ ခိုင်းစေခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အခုလို လူမှောင်ခိုကူးခံရတဲ့ ဖြစ်စဉ်များစွာ ထွက်ပေါ်လာခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ “သူတို့ မူးယစ်ဆေးဝါး အမှုတွေမှာ ပါဝင်ပတ်သက်နေတာဟာလည်း စိုးရိမ်စရာဖြစ်ပြီး ဒီလိုအမှုတွေ ပိုမိုများပြားလာနေပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
Ref: ThePrint
