သက်တံ့
၁၇. ၈. ၂၀၂၆
စင်ကာပူနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် လီကွမ်ယု ပိုင်ဆိုင်ခဲ့သည့် ငွေထည် မောင့်ဘလန့် (Montblanc) ဖောင်တိန်တစ်ချောင်းသည် လေလံဆွဲမှု ၁၁၁ ကြိမ် ရရှိခဲ့ပြီးနောက် ခန့်မှန်းထားသည့် အမြင့်ဆုံးတန်ဖိုးထက် ၁၀ ဆနီးပါးရှိသော စင်ကာပူဒေါ်လာ ၄၆၁,၅၀၀ (အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀) ဖြင့် လေလံအောင်မြင်ခဲ့သည်။
“SM Lee Kuan Yew” ဟု စာလုံးရေးထွင်းထားသည့် ငွေထည် (Sterling Silver) Montblanc Meisterstuck No 146 ဖောင်တိန်ကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် “Interiors & Collectibles – August, Fine Art Focus” အွန်လိုင်းလေလံပွဲတွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူ လေလံကုမ္ပဏီ Hotlotz က ပြောကြားခဲ့သည်။

အဆိုပါ ဖောင်တိန်၏ လေလံမတင်မီ ခန့်မှန်းတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိဖြစ်ပြီး လေလံဆွဲမှုကို စင်ကာပူဒေါ်လာ ၂၀,၀၀၀ မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဝယ်ယူသူ၏ ပရီမီယံကြေး အပါအဝင် နောက်ဆုံးရရှိခဲ့သည့် လေလံစျေးမှာ ၂၀၀၃ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် “လီကွမ်ယု မိသားစု စုဆောင်းမှုများ” ပရဟိတလေလံပွဲတွင် ရရှိခဲ့သည့် စင်ကာပူဒေါ်လာ ၅၂,၀၀၀ ထက် ကိုးဆနီးပါး မြင့်တက်လာခြင်းဖြစ်သည်။
လီကွမ်ယုသည် ခေတ်သစ်စင်ကာပူနိုင်ငံကို ထူထောင်ခဲ့သူအဖြစ် အများက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြသည်။ စင်ကာပူနိုင်ငံသည် မလေးရှားနိုင်ငံထံမှ ခွဲထွက်ချိန်တွင် ၎င်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ထိုရာထူးကို ထမ်းဆောင်ခဲ့ကာ၊ နောက်ပိုင်းတွင် ၂၀၀၄ ခုနှစ်အထိ Senior Minister အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
ထို့နောက် ၂၀၀၄ ခုနှစ် ဩဂုတ်လမှ ၂၀၁၁ ခုနှစ် မေလတွင် အစိုးရအဖွဲ့မှ မနုတ်ထွက်မီအထိ စင်ကာပူ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော ဝန်ကြီးအကြံပေး (Minister Mentor) အဖြစ် တာဝန်ယူခဲ့သည်။
လီကွမ်ယုသည် ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်တွင် ကွယ်လွန်ခဲ့သည်အထိ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Ref: SCMP
