သက်တံ့
၁၇. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှလာရောက်သည့် မြန်မာဇနီးမောင်နှံထံမှ ရူပီး ၂ ဒသမ ၆၅ ကုဋေ (ကျပ် ၁ ဒသမ ၃ ဘီလျံခန့်) တန်ကြေးရှိ ရွှေများ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။
ချင်းနိုင်းလေဆိပ်တွင် ခေတ္တငြိမ်သက်သွားခဲ့သည့် ရွှေမှောင်ခိုကူးမှုမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် အကောက်ခွန်အရာရှိများ၏ ဖမ်းဆီးရမိမှုနှင့်အတူ ပြန်လည်စတင်လာသည့်ပုံစံ ရှိနေသည်။ ယခု နောက်ဆုံးဖြစ်စဉ်တွင် ဘန်ကောက်မှလာရောက်ပြီး တန်ဖိုး ရူပီး ၂ ဒသမ ၆၅ ကုဋေ (ကိန်းဂဏန်းအားဖြင့် ရူပီး ၂၆ ဒသမ ၅ သန်း) တန်ကြေးရှိ ရွှေ ၂ ကီလိုဂရမ်နီးပါးကို မှောင်ခိုသယ်ဆောင်လာသည့် အသက်လတ်ပိုင်း မြန်မာဇနီးမောင်နှံနှစ်ဦးကို စနေနေ့က ဖမ်းဆီးခဲ့ရာ မှောင်ခိုဂိုဏ်းများသည် နိုင်ငံခြားသားများကို အသုံးပြု၍ ရွှေမှောင်ခိုကူးနေသလားဆိုသည့် သံသယများ မြင့်တက်လာခဲ့သည်။
ချန်နိုင်း အကောက်ခွန်ဌာန၏ လေကြောင်းသတင်းအချက်အလက်အဖွဲ့သည် အစိမ်းရောင်စင်္ကြံ (Green Channel) မှထွက်ခွာရန် ကြိုးပမ်းစဉ် မသင်္ကာဖွယ်တွေ့ရှိရသည့် အမျိုးသမီးခရီးသည်ကို ပထမဆုံး စစ်ဆေးဟန့်တားခဲ့သည်။ အဆိုပါခရီးသည်က ချန်နိုင်းသို့ ဆေးကုသရန် လာရောက်ခြင်းဖြစ်ကြောင်း စတင်ပြောကြားခဲ့သော်လည်း ခိုင်လုံသော ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိခဲ့ပေ။ စစ်ဆေးမေးမြန်းစဉ်အတွင်း သူမ၏ ခန္ဓာကိုယ်အတွင်း၌ ရွှေများကို လျှို့ဝှက်သယ်ဆောင်လာကြောင်း ဝန်ခံခဲ့သည်။ အကောက်ခွန်အရာရှိများသည် ယင်းထံမှ တိပ်ဖြင့် ပတ်ထားသည့် ရွှေတောင့်အများအပြားကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
အဆိုပါအမျိုးသမီး၏ ခင်ပွန်းဖြစ်သူကိုလည်း ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏ စအိုအတွင်း ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ရွှေတုံးနှစ်တုံးကို လျှို့ဝှက်သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ ဇနီးမောင်နှံကို အကောက်ခွန်ဥပဒေအရ ဖမ်းဆီးခဲ့ပြီး တရားရုံး၏ အမိန့်ဖြင့် အချုပ်ထောင်သို့ ပို့ဆောင်ခဲ့သည်။
ရွှေမှောင်ခိုကူးရန် မြန်မာနိုင်ငံသားများကို အသုံးပြုသည်ကို ယခုကာလအတွင်း ပထမဆုံးအကြိမ် တွေ့ရှိရခြင်း ဖြစ်ကြောင်း အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်။
“ဒီဇနီးမောင်နှံဟာ ရန်ကုန်ကနေ ဘန်ကောက်ကို သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ချန်နိုင်းကို တစ်ရက်တည်းမှာပဲ ဆက်လက်ထွက်ခွာလာခဲ့တာပါ။ ရွှေကို စအိုထဲ ထည့်သွင်းသယ်ဆောင်ဖို့ဆိုတာ လေ့ကျင့်မှု လိုအပ်တာကြောင့် ရွှေမှောင်ခိုဂိုဏ်းတွေဟာ သံသယမဖြစ်နိုင်တဲ့ နိုင်ငံခြားသားတွေကို အသုံးပြုပြီး ရွှေမှောင်ခိုကူးတဲ့ နည်းလမ်းသစ်ကို တီထွင်လိုက်သလားဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သြဂုတ်လ ၁၀ ရက်နေ့ကလည်း ဒူဘိုင်းမှ ရွှေ ၁ ဒသမ ၀၈၈ ကီလိုဂရမ် မှောင်ခိုသယ်ဆောင်လာသည့် အိန္ဒိယအမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတိပြုရန်လိုသည်။
မေလအတွင်း ရွှေတင်သွင်းခွန်ကို ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပြီးနောက် ရွှေမှောင်ခိုကူးမှုများ ပြန်လည်စတင်လာသဖြင့် အိန္ဒိယတစ်ဝန်းရှိ လေဆိပ်များတွင် အကောက်ခွန်ဌာနက စစ်ဆေးမှုများကို တင်းကြပ်ထားသည်။
“မှောင်ခိုဂိုဏ်းတွေဟာ ဝယ်လိုအားမြင့်မားပြီး အမြတ်အစွန်းများတာကြောင့် ရေမဲ့စိုက်ပျိုးနည်းသုံး ဆေးခြောက် (Hydroponic weed) ကနေ ရွှေမှောင်ခိုဘက်ကို ဖြည်းဖြည်းချင်း ပြောင်းလဲလာကြပါတယ်။ ပုံမှန်သယ်ယူပို့ဆောင်သူတွေကို အသုံးပြုတာက စွန့်စားရမှုများတာကြောင့် စုံစမ်းစစ်ဆေးသူတွေကို လှည့်ဖြားဖို့ နည်းလမ်းသစ်တွေကို တီထွင်လာကြတာပါ” ဟု အကောက်ခွန်အရာရှိများက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: TOI
