သက်တံ့
၁၇. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) မြို့ရှိ နေအိမ်တစ်အိမ်၌ တနင်္လာနေ့ (ဩဂုတ် ၁၇ ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့ မွေးမြူထားသည့် ကြောင်အကောင် ၃၀ ခန့် သေဆုံးသွားခဲ့ပြီး အိပ်ခန်းအတွင်းမှ မီးသွေးခဲမီးဖိုနှင့် ဓာတ်ဆီပုံးတစ်ပုံးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မောင်း (Muang) ခရိုင်၊ ဘောင်းစီမောင်း (Bang Si Muang) ကျေးရွာအုပ်စု၊ ရာချာဖရု-နွန်သဘူရီ (၁) လမ်းပေါ်ရှိ အဆင့်မြင့်အိမ်ရာတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့ကြောင်း ဘောင်းစီမောင်း ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ဒုရဲအုပ် အလောင်ကွန် မီးဆရီ (Pol Lt Alongkorn Meesri) က ပြောကြားခဲ့သည်။


မီးက စတုရန်းမီတာ ၃၂၀ ကျယ်ဝန်းသည့် နှစ်ထပ်တိုက်အိမ်၏ ဒုတိယထပ်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် လေးစီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်ကျွမ်းမှုအပြီးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများကို အိပ်ရာပေါ်တွင် တွေ့ရှိခဲ့ရပြီး ၎င်းတို့အနီး၌ မီးသွေးခဲမီးဖိုတစ်ခုနှင့် ဓာတ်ဆီထည့်လေ့ရှိသည့် လီတာ ၂၀ ဆန့် ပလတ်စတစ်ပုံး အပိုင်းအစများကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့၏ ရုပ်အလောင်းများမှာ ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထို့အပြင် အဆိုပါအထပ်ရှိ နောက်ဘက်အခန်းအတွင်းမှ သေဆုံးနေသည့် ကြောင်အကောင် ၃၀ ခန့်ကိုလည်း တွေ့ရှိခဲ့ရသည်။ သို့သော် ကယ်ဆယ်ရေးသမားများက အရေးပေါ် အသက်ကယ်နည်း CPR (Cardiopulmonary Resuscitation) ဖြင့် ကယ်တင်နိုင်ခဲ့သဖြင့် ကြောင် နှစ်ကောင်မှာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ရွမ်းခတန်ယု ဖောင်ဒေးရှင်း (Ruamkatanyu Foundation) မှ အသက် ၄၅ နှစ်အရွယ် မီးသတ်သမား ဂျမ် လာတူးမ် (Jam Laotoom) က မီးငြှိမ်းသတ်ရန် ရေဖျန်းနေစဉ် မီးတောက်များမှာ ဒုတိယထပ်ရှိ အိပ်ခန်းအတွင်းသို့ ကူးစက်သွားသည်ကို သတိပြုမိခဲ့ကြောင်း ပြောသည်။ ၎င်းတို့က လှေကားဖြင့် တက်ရောက်စစ်ဆေးစဉ် အခန်းအတွင်း လောင်စာဆီပုံးအကြီးတစ်ပုံးကို တွေ့ရှိခဲ့ရပြီး ရေဖျန်းလိုက်သည့်အခါ ထပ်မံပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါအခန်းမှာ သေဆုံးသူ ဇနီးမောင်နှံ၏ အိပ်ခန်းဖြစ်ပြီး ရေချိုးခန်းတံခါးကိုလည်း အထဲမှ ဂျက်ချထားသည်ကို တွေ့ရှိခဲ့ရသည်။
မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးကို ထိန်းချုပ်နိုင်ရန် မိနစ် ၃၀ ခန့် အချိန်ယူခဲ့ရသည်။
မီးလောင်မှုအပြီး စစ်ဆေးချက်များအရ ပထမထပ်တွင် ပျက်စီးဆုံးရှုံးမှုမရှိသော်လည်း နေအိမ်အနှံ့တွင် ဓာတ်ဆီစွန်းထင်းမှုများကို တွေ့ရှိခဲ့ရကြောင်း ဘောင်းစီမောင်း ရဲတပ်ဖွဲ့က ပြောသည်။
အိမ်နီးချင်းတစ်ဦး၏ ပြောကြားချက်အရ မီးမလောင်မီ နေအိမ်အတွင်းမှ ပစ္စည်းတစ်ခုခု ပြုတ်ကျသကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ကြားခဲ့ရကြောင်းနှင့် အဆိုပါ ဇနီးမောင်နှံမှာ ဒစ်ဂျစ်တယ်ငွေကြေး (ခရစ်ပတိုကာရန်စီ) ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : Bangkok Post


