၁၇.၈.၂၀၂၆
Translated by Htwe Ko Tun
ဂရိနိုင်ငံသို့ ဦးတည်ပြီး လူ ၄၂ ဦးကို တင်ဆောင်လာသည့် စက်လှေတစ်စင်းသည် အစားအစာနှင့် ရေမရှိဘဲ မြေထဲပင်လယ်အတွင်းတွင် ရက်ပေါင်းများစွာ မျောပါနေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦး သေဆုံးခဲ့ရကြောင်း ဩဂုတ်လ ၁၇ ရက်သတင်းများက ဖော်ပြခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦးအပါအဝင် အနည်းဆုံး ခရီးသည် ၁၁ ဦးသည် ဂရိနိုင်ငံသို့ ဦးတည်သော စက်လှေပေါ်၌ အစားအစာနှင့် ရေမရှိဘဲ မြေထဲပင်လယ်တွင် ရက်ပေါင်းများစွာ မျောပါနေပြီးနောက် သေဆုံးခဲ့ကြောင်း၊ ယခုအခါ အီဂျစ်တွင် ကုသမှုခံယူနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အသက်ရှင်ကျန်ရစ်သူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (BRAC) ကို ကိုးကားပြီး ဥရောပနယ်စပ်နှင့် ကမ်းရိုးတန်းစောင့် အေဂျင်စီ Frontex ကဖော်ပြချက်များ လစ်ဗျားနိုင်ငံမှတစ်ဆင့် မြေထဲပင်လယ်ကိုဖြတ်၍ ဂရိနိုင်ငံသို့ ရောက်ရှိလာသော ပြည်ပနိုင်ငံသားများ၏ စာရင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ထိပ်ဆုံးမှ ရပ်တည်နေချိန်တွင် ထိုကဲ့သို့သေဆုံးမှုသတင်းများ ထွက်ပေါ် လာခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၃,၆၀၈ ဦးက ထိုခရီးစဉ်အတွက် ကြိုးစားခဲ့ကြပြီး ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့သည်လည်း စာရင်းတွင်ပါဝင်သည် နောက်ထပ်နှစ်နိုင်ငံ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလ် ကာရင်က စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၈ ဦး အပါအဝင် လူ ၄၂ ဦးနှင့်အတူ ဂရိသို့ ထွက်ခွာလာခြင်းဟု ပြောကြားခဲ့သည်။ ၎င်းက ဂရိနိုင်ငံနှင့် နီးကပ်လာချိန်တွင် လှေ၏အင်ဂျင် ပျက်သွားပြီး ရလဒ်အနေဖြင့် ဆက်လက်မသွားနိုင်တော့ကြောင်း၊ ရာဘာစက်လှေက ခရီးသည် ၂၅ ယောက်သာ တင်ဆောင်နိုင်သော်လည်း ၄၂ ယောက်ကို တင်ဆောင်ထားပြီး အင်ဂျင်တစ်လုံးတည်းသာ တပ်ဆင်ထားကြောင်းလည်း လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
စက်လှေပေါ်တွင် အစားအစာနှင့် ရေ မရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကိုးယောက်မှာမျက်စိရှေ့၌ပင် သေဆုံးခဲ့ကြောင်း၊ နောက်နှစ်ဦးမှာလည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောခဲ့ပြီး အလောင်းများကို ပင်လယ်ထဲ ပစ်ချခဲ့ရကြောင်း ထပ်လောင်း ပြောခဲ့သည်။
ပင်လယ်ထဲ ရက်အတော်ကြာ မျောပါနေပြီးနောက် အသက်ရှင်ကျန်ရစ်သူများသည်လည်း အခြေအနေ ယိုယွင်းလာပုံကို ကာရင်က ပြောခဲ့သည်။ ၎င်းက “ကျွန်တော်တို့ ဆားငန်ရေထဲမှာ အချိန်အတော်ကြာနေခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပုပ်သိုးပြီး အနံ့ဆိုးတွေ ထွက်လာတယ်”ဟု ပြောခဲ့သည်။
ကိုင်ရိုမြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးကို ကာရင်၏ပြောပြချက်အရ လူ ၄၂ ဦးပါ စက်လှေက သြဂုတ်လ ၃ ရက်တွင် လစ်ဗျားမှ ဂရိသို့ ထွက်ခွာခဲ့ခြင်းဟု သိရသည်။ နောက်ပိုင်းတွင် စက်လှေသည် မြေထဲပင်လယ်အတွင်း ပျက်သွားပြီး လောင်စာဆီကုန်သွားသဖြင့် သြဂုတ်လ ၁၃ ရက်တွင် အီဂျစ်နိုင်ငံ မာဆာ မာထရူး (Marsa Matruh) ကမ်းရိုးတန်းသို့ မရောက်မီ ပင်လယ်ထဲတွင် ၁၁ ရက်ခန့် မျောပါနေခဲ့ခြင်းဟု လည်းသိရသည်။
စက်လှေကိုမြင်ပြီးနောက်ဒေသခံများကရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ပြီး လှေပေါ်တွင် အသက်ရှင်ကျန်ရစ် သူများအနက် အများစုဖြစ်သော လူ ၂၉ ဦးမှ ၃၀ ခန့်မှာ သတိလစ်နေသော အခြေအနေတွင် ရှိနေကြ၍ ၎င်းတို့ကို ကယ်တင်ခဲ့ပြီး ဆေးရုံနှစ်ရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း ၎င်းက ပြောကြား ခဲ့သည်။
စက်လှေတွင် လိုက်ပါလာသည့် ခရီးသည် ၄၂ ဦးတွင် ၃၈ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး လေးဦးမှာ ဆူဒန်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
Ref: The Daily Star

