ဖြိုးဝေ
၁၅. ၈. ၂၀၂၆
မြို့ပြ သယ်ယူပို့ဆောင်ရေး (Public Transit) ဆိုသည်မှာ မည်သည့် သာမန် စီးပွားရေးလုပ်ငန်းနှင့်မျှ မတူပေ။ စီးပွားရေး အမြတ်အစွန်းထက် မြို့ပြ၏ အသက်သွေးကြောသဖွယ် လူမှုစီးပွား လည်ပတ်နိုင်ရေးနှင့် အခြေခံလူထု သွားလာရေးကို အာမခံပေးရသည့် “အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု” (Public Service) သာ ဖြစ်သည်။ သို့သော် ယနေ့ ရန်ကုန်မြို့၏ မြေပြင်တွင်မူ ကုန်ဈေးနှုန်းနှင့် အထွေထွေ စရိတ်စကများ မြင့်တက်လာမှု၏ အကျိုးဆက်ကို ခရီးသွားပြည်သူ အခြေခံလူထု၏ အိတ်ကပ်ထဲမှ တိုက်ရိုက် ခုနှိမ်ဖြေရှင်းသည့် အခြေအနေသို့ ဦးတည်လာနေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်လာရသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ဩဂုတ် ၁၄ ရက် သတင်းစာရှင်းလင်းထုတ်ပြန်ချက်အရ လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ YBS ယာဉ်စီးခများကို မူလထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကာ တစ်ခေါက်လျှင် ၆၀၀ ကျပ် သတ်မှတ်မည်ဟု သိရှိရသည်။ အဆိုပါ ယာဉ်စီးခ တိုးမြှင့်ပေးရန် တောင်းဆိုမှုမှာ ပုဂ္ဂလိက ယာဉ်လိုင်းများနှင့် ယာဉ်ပိုင်ရှင်ငယ်များထံမှ မဟုတ်ဘဲ အစိုးရ ရှယ်ယာပါဝင်သည့် ကုမ္ပဏီကြီးနှစ်ခုထံမှ စတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည့်အတွက် စနစ်၏ လည်ပတ်ပုံနှင့် စီမံခန့်ခွဲမှု အခြေအနေများအပေါ် ပိုမို လေးနက်စွာ သုံးသပ်ရန် လိုအပ်လာမည်ဖြစ်သည်။
◾️ အခြေခံ ဝင်ငွေနှင့် ခရီးစရိတ် အချိုးအစား မညီမျှမှု
လက်ရှိ ရန်ကုန်မြို့ပေါ်တွင် အစိုးရဝန်ထမ်းတစ်ဦး သို့မဟုတ် အခြေခံ အလုပ်သမားတစ်ဦး၏ တရားဝင် သတ်မှတ် အခြေခံလစာမှာ တစ်ရက်လျှင် ၇,၈၀၀ ကျပ်မျှသာ ရှိနေသည်။ တစ်လလုံး ပုံမှန် ပိတ်ရက်မရှိ လုပ်ကိုင်ပါမှ လစဉ်ဝင်ငွေ ကျပ်နှစ်သိန်းကျော်သာ လက်ဝယ် ရရှိနိုင်သည့် အခြေအနေ ဖြစ်သည်။
ယာဉ်စီးခ အဆင့်ဆင့် ပြောင်းလဲလာမှုကို ကြည့်လျှင် ၂၀၂၁ ခုနှစ်အထိ တစ်ခေါက်လျှင် ၂၀၀ ကျပ်မှ ၂၀၂၂ ခုနှစ်တွင် တစ်ခေါက်လျှင် ၃၀၀ ကျပ်အထိ မြင့်တက်ခဲ့သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင်လည်း ၄၀၀ ကျပ်သို့ ခုန်တက်ရာ မြေပြင်တွင် ငွေစက္ကူ ရှားပါးမှုကြောင့် ခရီးသည်များမှာ ၅၀၀ ကျပ် ပေးစီးခဲ့ရသည့်အပြင် YPS ကတ်များကလည်း တမင် စက်ပိတ်ထားခြင်းများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည်။ ထိုသို့သော ဆက်တိုက်ဝန်ပိမှုများအကြား လာမည့် စက်တင်ဘာတွင်ပါ ခရီးစဉ် တစ်ခေါက်လျှင် ၆၀၀ ကျပ်အထိ ၅၀ ရာခိုင်နှုန်း ထပ်မံ ခုန်တက်လာဦးမည်ဖြစ်သည်။
ဤနှုန်းထားအရ လိုင်းကားတစ်ကြောင်းတည်း စီးရသူအတွက် တစ်ရက်လျှင် အသွားအပြန် ၁,၂၀၀ ကျပ်၊ တစ်လလျှင် ၃၆,၀၀၀ ကျပ် ခန့် ကုန်ကျမည် ဖြစ်သော်လည်း လုပ်ငန်းခွင်သို့ လိုင်းကား နှစ်ကြောင်း ပြောင်းစီးရသူများအတွက်မူ တစ်ရက်လျှင် ၂,၄၀၀ ကျပ်၊ တစ်လလျှင် ၇၂,၀၀၀ ကျပ် အထိ သွားလာစရိတ် သက်သက် ကုန်ကျမည် ဖြစ်သည်။
လစဉ် ဝင်ငွေ ကျပ်နှစ်သိန်းကျော်မျှသာ ရရှိသော ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကျော်ကို သွားလာစရိတ် တစ်ခုတည်း၌ သုံးစွဲရခြင်းသည် ကျန်ရှိသည့် အကြွင်းအကျန် ငွေကြေးဖြင့် စားဝတ်နေရေး၊ အိမ်ငှားခနှင့် ဆေးဝါးစရိတ်များကို လုံးဝ လုံလောက်အောင် သုံးစွဲနိုင်မည် မဟုတ်ဘဲ အခြေခံလူတန်းစားများ၏ လူမှုဘဝကို အလွန်တရာ ကျဉ်းကြပ်သွားစေမည်မှာ ငြင်းဆို၍ မရနိုင်ပေ။
◾️ မြေပြင် ကိန်းဂဏန်းများက ပြသနေသော YBS ဝင်ငွေ
ယာဉ်လိုင်းများဘက်မှ ကားအပိုပစ္စည်း၊ တာယာနှင့် အင်ဂျင်ဝိုင် ဈေးနှုန်းများ တက်နေသည်ဆိုသည့် အချက်ကို စာနာနားလည်နိုင်သော်လည်း၊ မြို့ပြခရီးသွားဦးရေနှင့် ရရှိနိုင်သော စုစုပေါင်း ဝင်ငွေအပေါ် ကိန်းဂဏန်း အချက်အလက်များဖြင့် ချိန်ထိုးကြည့်ရန် လိုအပ်နေသည်။
ရန်ကုန်မြို့တွင် နေ့စဉ် YBS စီးနင်းသူ ခရီးသည် ပျှမ်းမျှ ၁ ဒသမ ၈ သန်း ခန့် ရှိသည်။ ပြေးဆွဲနေသည့် YBS အစီးရေမှာ ၃,၃၀၀ စီး ခန့်သာ ရှိနေပြီး အလုပ်ဆင်းအလုပ်တက်ချိန်များတွင် ကျပ်တည်းစွာ စီးနေရသည်။
ထိုသို့သော အခြေအနေတွင် ခရီးသွားပြည်သူပမာဏအပေါ် YBS အစီး ၃၃၀၀ က အခြေခံရနိုင်သည့် နေ့စဉ် ရရှိနိုင်သော စုစုပေါင်း ဝင်ငွေများမှာ လက်ရှိ တစ်ခေါက် ၄၀၀ နှုန်းဆိုပါက အသွားအပြန် ၈၀၀ ကျပ်ဖြင့်ပင် ၁ ရက်လျှင် ၁ ဒသမ ၄၄ ဘီလီယံ ကျပ်၊ အသွားအပြန် ၁,၀၀၀ ကျပ် (တစ်ခေါက် ၅၀၀ နှုန်း) ဆိုပါက ၁ ရက်လျှင် ၁ ဒသမ ၈၀ ဘီလီယံ ကျပ်၊ အသွားအပြန် ၁,၂၀၀ ကျပ် (တစ်ခေါက် ၆၀၀ နှုန်း) ဆိုလျှင် ၁ ရက်လျှင် ၂ ဒသမ ၁၆ ဘီလီယံ ကျပ်အထိ ရရှိမည်ဖြစ်ပြီး ဤတွက်ချက်မှုအရ ခရီးသည်တစ်ဦး အသွားအပြန် ၈၀၀ ကျပ်နှုန်းဖြင့်ပင် ကားတစ်စီးသည် ၁ ရက်လျှင် ပျှမ်းမျှ ၄၃၆,၃၆၃ ကျပ် ဝန်းကျင် ဝင်ငွေရရှိနေသည့် သဘောဖြစ်ကာ ၅၀၀ ကျပ်နှင့်ဆိုပါက ကားတစ်စီး ၅၄၅၄၅၄ ကျပ်ရမည်ဖြစ်ပြီး ၆၀၀ ကျပ်ဖြင့်ဆိုပါက ကားတစ်စီး တစ်ရက် ၆၅၄၅၄၅ ကျပ် ရမည်ဖြစ်သည်ကို တွေ့ရှိရပြီး ဝင်ငွေအလွန်မြင့်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အစိုးရ ရှယ်ယာပါသည့် YUPT နှင့် YBPC ကုမ္ပဏီတို့ စိစစ်ချက်အရ ယာဉ်စီးခ ဘက်ထရီအုပ်စု (၂၆၅ ရာခိုင်နှုန်း)၊ ကားအပိုပစ္စည်း (၃၂၇ ရာခိုင်နှုန်း)၊ ဘရိတ်အုပ်စု (၄၈၃ ရာခိုင်နှုန်း)၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်း (၅၆၆ ရာခိုင်နှုန်း) နဲ့ အခြားအုပ်စု (၁၀၈၀ ရာခိုင်နှုန်း) အထိ အဆမတန် တိုးမြင့်လာခဲ့သည်ဟု ဆိုပေသည်။ ထိုသို့ဆိုပါက YBS ယာဉ်စီးခများသည်လည်း ၂၀၂၁ တွင် ကျပ် ၂၀၀ မှ ၃၀၀ သို့ ၅၀ ရာခိုင်နှုန်း၊ ကျပ် ၄၀၀ သို့ ၁၀၀ ရာခိုင်နှုန်းနှင့် ယခု ကျပ် ၆၀၀ သို့ ၂၀၀ ရာခိုင်နှုန်း ခုန်တက်ဦးမည်ကိုလည်း တွက်ဆရပေမည်။
◾️ စျေးကွက် ယန္တရားနှင့် အများပိုင် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှု
YRTC အောက်တွင် ရန်ကုန်အစိုးရရှယ်ယာပါသည့် YUPT နှင့် YBPC ကုမ္ပဏီတို့အပါအဝင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်းနှင့် စာရင်းရှိ ယာဉ်စီးရေ ၅,၃၉၉ စီး၊ နေ့စဉ် ယာဉ်လိုင်း ၁၃၄ လိုင်း၊ ယာဉ်စီးရေ ၃,၃၀၀ ခန့်နှင့် ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ လက်ရှိအချိန်တွင် ယာဉ်အပိုပစ္စည်း ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက်ကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတခြင်း၊ ကုမ္ပဏီ မတည်ရင်းနှီးငွေ တဖြည်းဖြည်းလျော့နည်းလာခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်းကို YRTC တာဝန်ရှိသူများ ကြားသိရကြောင်း၊ အသေးစားပြုပြင်ယာဉ် (၁၀၂၄) စီး၊ အလတ်စားပြုပြင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြုပြင်ယာဉ် (၅၁၀) စီးနှင့် အခြား ပြေးဆွဲနိုင်ခြင်းမရှိယာဉ် (၃၅၆) စီးခန့်ရှိနေသည့်အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ ယာဉ်အပိုပစ္စည်း ဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင် ဆောင်ရွက်ရာတွင် အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သလောက် တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ကို တင်ပြခဲ့ကြောင်း YRTC ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်က ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေရာတွင် YBS ယာဉ်များ ပြုပြင်စရိတ်အရ တွက်ချေမကိုက်ကြောင်း ပြောလာသည်မှာ ပြင်ပ ပုဂ္ဂလိက YBS ယာဉ်လိုင်းများနှင့် အခြားသော ယာဉ်ပိုင်ရှင်များက ထုတ်မပြောသည်ကို တွေ့ရသည်။ လက်ရှိ စျေးကွက်တွင် ယာဉ်ပိုင်ရှင် (Owner) နှင့် ဒရိုင်ဘာတို့အကြား လည်ပတ်နေသည့် စျေးကွက်စနစ်ကို ကြည့်ပါက ကားမရှိသော ဒရိုင်ဘာသည် ယာဉ်ပိုင်ရှင်ထံသို့ တစ်ရက်လျှင် အုံနာကြေး အနည်းဆုံး ၈၀,၀၀၀ ကျပ် (တစ်လလျှင် ၂၄ သိန်း) ပေးသွင်း၍ အငှားမောင်းနှင်ကြရသည်။ ထိုသို့သော ကားတစ်စီးသည် ယခု တစ်ခေါက်စီး ကျပ် ၄၀၀ ဖြင့်ပင် တစ်လလျှင် ပျှမ်းမျှ ကျပ်သိန်း ၁၃၀ ဝန်းကျင် ရှာဖွေပေးနိုင်ပြီး အဓိက သုံးစွဲသည့် CNG ဓာတ်ငွေ့မှာလည်း အစိုးရ ထောက်ပံ့ပေးထားသည့် သက်သာသော နှုန်းထားဖြင့် ရရှိသဖြင့် စက်သုံးဆီစရိတ် အလွန် သက်သာနေသည်။
အထူးသဖြင့် CNG မဟုတ်ဘဲ ဒီဇယ်/ဓာတ်ဆီကို CNG ထက် လေးငါးဆ အကုန်အကျခံ မောင်းနှင်နေရသည့် YBS 75 ကဲ့သို့သော ကားသေးများ၊ ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များထံမှ “လည်ပတ်စရိတ် မကိုက်ညီဟု” သတင်း ထွက်ပေါ်မလာချိန်တွင်၊ CNG သဘာဝဓာတ်ငွေ့ကို အဓိက သုံးစွဲခွင့်ရထားသည့် အစိုးရရှယ်ယာပါ ကုမ္ပဏီကြီးများထံမှ မည်သည့်အတွက်ကြောင့် တွက်ချေမကိုက်ဖြစ်နေသနည်းဆိုသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။
တစ်ခေါက်လျှင် ၆၀၀ ကျပ် (အသွားအပြန် ၁,၂၀၀ ကျပ်) နှုန်းသို့ တိုးမြှင့်လိုက်ပါက YBS ကားတစ်စီး၏ ၁ ရက် ဝင်ငွေသည် ပျှမ်းမျှ ၆၅၄,၅၄၅ ကျပ် အထိ မြင့်တက်သွားမည်ဖြစ်ပြီး၊ ကားတစ်စီးလျှင် တစ်လ ကျပ် ၁၉၆ သိန်းကျော် (သိန်း ၂၀၀ နီးပါး) ဝင်ငွေရှိလာမည် ဖြစ်သည်။
ခေတ်ကာလအခြေအနေနှင့် ကုန်စျေးနှုန်းမြင့်တက်မှုအခြေအနေအရ ကြက်ဥတစ်လုံးပင် ကျပ် ၆၀၀၊ ၇၀၀ ဖြစ်လာနေချိန်တွင် YBS ယာဉ်စီးခမှာ တက်သင့်သည်ကို လက်ခံသော်လည်း လက်ရှိတွက်ချေမကိုက်မှုအသံမှာ အစိုးရစီမံခန့်ခွဲမှုပါသော ယာဉ်လိုင်းနှစ်ခုက အဓိက အသံထွက်နေခြင်းဖြစ်ပြီး ပုဂ္ဂလိကယာဉ်လိုင်းပိုင်ရှင်များ အသံမထွက်သည့်အခြေအနေတွင် စီမံခန့်ခွဲမှု လွဲမှားခြင်းများ ဆန်းစစ်သင့်သလို အကြွေရှားပါးပြီး YPS ကတ်ပိတ်ထားသော ယာဉ်လိုင်းတို့၏ အကျင့်တန်မှုအောက်တွင် မလွဲမသွေ YBS ကားခ တက်မည်ဆိုပါက ကျပ် ၅၀၀ သို့သာ ၂၅ ရာခိုင်နှုန်းတိုးမြှင့်သင့်သည်ဟု ယူဆရသည်။ ထိုသို့ ကျပ် ၅၀၀ သည်ပင် လူတစ်ဦးအတွက် တစ်နေ့ ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အကြား ကုန်ကျပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းနှင့် တွက်ဆပါက YBS ယာဉ်အစီး ၃၃၀၀ တို့ တစ်ရက်ဝင်ငွေ ကျပ် ၁ ဒသမ ၈ ဘီလျံ၊ YBS ယာဉ်တစ်စီးချင်း တစ်ရက် ပျမ်းမျှဝင်ငွေ ၅၄၅၄၅၄ ကျပ်ဖြင့် တစ်လ ကျပ် ၁၆၃ သိန်းကျော် ရှာဖွေနိုင်ဦးမည်ဖြစ်ကာ ဝင်ငွေ အဆမတန်မြင့်မားနေဦးမည်ကို တွေ့ရှိရမည်ဖြစ်သည်။
◾️ ပြန်လည်သုံးသပ်သင့်မှုနှင့် ပြည်သူ့မျှခြေ
ကမ္ဘာ့ မည်သည့်မြို့ကြီးများတွင်မဆို မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ယာဉ်စီးခ တိုးမြှင့်ခြင်းတစ်ခုတည်းဖြင့် မဖြေရှင်းဘဲ အစိုးရ၏ ထောက်ပံ့ကြေး (Subsidy)၊ ဝင်ငွေယိုစိမ့်မှု ပိတ်ဆို့ခြင်းနှင့် စီမံခန့်ခွဲမှု စရိတ်များ လျှော့ချခြင်း စသည့် နည်းလမ်းများဖြင့် သက်သာအောင် ဆောင်ရွက်ပေးလေ့ ရှိကြသည်။ ယနေ့ကာလတွင်လည်း အစိုးရက CNG ကို သက်သက်သာသာဖြင့် စိုက်ထုတ်ပေးထားပြီးဖြစ်သည်။
ထို့ကြောင့် အစစအရာရာ ကျပ်တည်းနေသော အခြေခံလူတန်းစားများနှင့် အစိုးရဝန်ထမ်းများအပေါ် ယာဉ်စီးခ တိုးမြှင့်၍ ဝန်ထုပ်ဝန်ပိုး ထပ်မံ မပေးမီ၊ YBS ယာဉ်စီးခ တိုးမြှင့်လိုသည့် အစိုးရရှယ်ယာ ပါဝင်သော ကုမ္ပဏီများအနေဖြင့် ကျန် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များ ယာဉ်စီးခ တိုးမြှင့်ရန် မတောင်းဆိုဘဲ တွက်ချေကိုက်နေမှုနှင့် မိမိတို့၏ ရုံးအုပ်ချုပ်ရေး စရိတ်များ၊ ဝင်ငွေယိုစိမ့်မှုများနှင့် စီမံခန့်ခွဲမှု လိုအပ်ချက်များကို ပြန်လည်နှိုင်းယှဉ် အဖြေရှာ စိစစ်သုံးသပ်ပြီးမှသာ ရေရှည်တည်တံ့မည့် ပြည်သူ့ဝန်ဆောင်မှု မူဝါဒများကို ဖော်ဆောင်သင့်ပါကြောင်းနှင့် မဖြစ်မနေ YBS ယာဉ်စီးခ တက်မည်ဆိုပါကလည်း အကြွေရှာရခက်ဦးမည် ကျပ် ၆၀၀ မဖြစ်သင့်ဘဲ ကျပ် ၅၀၀ ဖြင့် သူ့ဘက်ကိုယ့်ဘက် မျှတစွာတိုးမြှင့်သင့်ကြောင်း အကြံပြုရမည်ဖြစ်ပေသည်။
