နေမိုး
၁၅. ၈. ၂၀၂၆
ကမ္ဘာ့အမွေအနှစ် ပုဂံညောင်ဦးဒေသမှ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအား အလင်းဝင်မည်ဟု လိမ်လည်ခေါ်ယူကာ ပစ်သတ်မှုကျူးလွန်ပြီးနောက် ဖမ်းမိထားသူ နောက်လိုက်နှစ်ဦးကိုပါ ဩဂုတ် ၁၄ ရက်နေ့က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ကျူးလွန်သည့် ဧရာဒေါင်း PDF အဖွဲ့က ယနေ့ဝန်ခံလာသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် တစ်ဖက်ကမ်းရှိ ကမ္ဘာ့အမွေအနှစ် ဒေသ ပုဂံညောင်ဦးမှ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင် ဆိုသူအား ဧရာဒေါင်း PDF များက အလင်းဝင်မည်ဟုဆိုကာ လိမ်လည်ခေါ်ယူသဖြင့် ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်ဆိုသူက နောက်လိုက် နှစ်ယောက်နှင့်အတူ မြစ်ခြေတစ်ဖက်ကမ်းသို့ရောက်ရှိလာရာ မေလ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဧရာဒေါင်း PDF အဖွဲ့က စောင့်ကြိုချောင်းမြောင်းပစ်ခတ်သဖြင့် နောင်နောင်ဆိုသူမှာ နေရာတင်ပွဲခြင်းပြီးသေဆုံးသွားခဲ့ပြီး နောက်လိုက်နှစ်ဦးအား AK နှစ်လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဧရာဒေါင်းက ဩဂုတ် ၁၁ ရက်တွင် ဝန်ခံထားသည်။
ထို့နောက် သုံးလကျော် ဖမ်းဆီးထားသော ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်၏ နောက်လိုက်နှစ်ယောက်ကိုလည်း ဩဂုတ် ၁၄ ရက်တွင် ထွက်ပြေးသည်ဟု ခေါင်းစဥ်တပ်ကာ ပစ်သတ်လိုက်ကြောင်း ဧရာဒေါင်း PDF အဖွဲ့၏ ယနေ့ဝန်ခံချက်တွင် ဖော်ပြထားသည်။




