နေမိုး
၁၁. ၈. ၂၀၂၆
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ ထုတ်ပြန် ပြောကြားသည်။
“လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနှင့် အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ယမန်နေ့မှစတင်ကာ ပြည်ပသို့ ထွက်ပြေးသွားသော မီဒီယာအချို့က အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူနေကြောင်း သတင်းမှား ထုတ်လွှင့်ခဲ့ကြသည်။ ထိုသတင်းတွင် ပါရှိသော မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက အသိပေးသည်။
