သက်တံ့
၁၁. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ တောင်ပိုင်းခရိုင်ဖြစ်သော ဆောင်းခလာမြို့တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တနင်္လာနေ့ (ဩဂုတ် ၁၀ ရက်) ညက မိခင်၏ အိမ်ထောင်ဖက်အသစ်ဖြစ်လာမည့်သူအား ဓားဖြင့် အနည်းဆုံး ၁၀ ချက်ခန့် ထိုးခဲ့ပြီးနောက် ထိုသူ၏ ကိုယ်ပိုင် လက်ကိုင်သေနတ်ဖြင့်ပင် ထပ်မံပစ်သတ်ခဲ့သည်။
ဆောင်းခလာ (Muang Songkhla) မြို့နယ် ရဲတပ်ဖွဲ့သည် တနင်္လာနေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ခေါဝ်ရုပ်ချမ်း (Khao Rup Chang) မြို့နယ်၊ ကလင်းပရာပိုင်လမ်း (Klinprapai Road) ရှိ နေအိမ်တစ်အိမ်၌ ထိုလူသတ်မှုဖြစ်စဉ် ဖြစ်ပွားကြောင်း အကြောင်းကြားမှု ရရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် အသက် ၅၃ နှစ်အရွယ် ဝိနိုင် ဟီရန်ကူလ် (Winai Hirankul) ဆိုသူသည် အိမ်ပြင်ပတွင် သေဆုံးလျက် လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် ချွန်ထက်သော လက်နက်ကြောင့် ရရှိထားသည့် ဒဏ်ရာပေါင်းများစွာနှင့် သေနတ်ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။

လူသတ်မှုကျူးလွန်သူဟု ယူဆရသည့် အသက် ၂၉ နှစ်အရွယ် မသင်္ကာသူ ပီရပေါ ဖက်ကဲဝ် (Peerapol Phetkaew) ဆိုသူသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
မသင်္ကာသူ ပီရပေါ၏ မိခင်ဖြစ်သူ ဆံပင်ညှပ်ဆရာမသည် သေဆုံးသူ ဝိနိုင်နှင့် ချစ်ကြိုက်နေသည်မှာ အတန်ကြာပြီဖြစ်ပြီး ယင်းအချက်က ထိုအမျိုးသားနှစ်ဦးအကြား တင်းမာမှုများ စတင်ဖြစ်ပေါ်စေခဲ့ကြောင်း ဆွေမျိုးများက ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ပီရပေါသည် မိခင်ဖြစ်သူက မိသားစုနှင့် ကိုယ့်အိမ်ကိုယ် ပစ်ထားမည်ကို စိုးရိမ်ခဲ့သည်။ အဆိုပါ ပတ်သက်မှုနှင့် ပတ်သက်၍ ထိုအမျိုးသားနှစ်ဦးသည် အကြိမ်ကြိမ် အငြင်းပွားခဲ့ကြသည်ဟု သိရသည်။
ယင်းအပြင် ပီရပေါသည် ဝိနိုင်အား မိခင်ဖြစ်သူနှင့် ပတ်သက်နေပြီး မိသားစုကို အချိန်မပေးနိုင်အောင် ပြုလုပ်နေသည်ဟု စွပ်စွဲကာ ရန်စစိန်ခေါ်ခဲ့ကြောင်း ဆွေမျိုးများက ပြောသည်။ ထိုနေ့စောစောပိုင်းက ပီရပေါသည် ထိုင်ပြီး ဓားသွေးနေသည်ကို ဆွေမျိုးများ တွေ့ရှိခဲ့ကြသည်။ ထို့နောက် ဝိနိုင်အိမ်သို့ ရောက်ရှိလာပြီးနောက် ပီရပေါသည် သူငယ်ချင်းတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့သည်။
ထို့နောက် အမျိုးသားနှစ်ဦး အငြင်းပွားရာမှ လက်သီးလက်မောင်းတန်း ရိုက်နှက်တိုက်ခိုက်ကြသည်။ ဝိနိုင် ကျောခိုင်းလှည့်ထွက်သွားစဉ် ပီရပေါက ဓားဖြင့် ထပ်ခါတလဲလဲ ထိုးခုတ်ခဲ့သဖြင့် လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ပီရပေါသည် ဝိနိုင်၏ ခါးကြားမှ ပွိုင့် ၃၈ မမ လက်ကိုင်သေနတ်ကို လုယူကာ ၃ ချက် သို့မဟုတ် ၄ ချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ချစ်သူ၏သားကြီးဖြစ်သူက ရန်လိုနေသဖြင့် မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရသဖြင့် ဝိနိုင်သည် မကြာမီကမှ သေနတ်စတင် ကိုင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးများက ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။
မျက်နှာချင်းဆိုင်အိမ်ရှိ လုံခြုံရေးကင်မရာတွင် အဆိုပါ ရန်ပွဲကို ရိုက်ကူးမိခဲ့သည်။ ရုပ်သံမှတ်တမ်းတွင် အမျိုးသားနှစ်ဦး လုံးထွေးသတ်ပုဒ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးနောက် ပီရပေါက ဝိနိုင်အား ဓားဦးချွန်ဖြင့် နည်းဆုံး ၁၀ ချက်ခန့် ထိုးခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ရိုက်ကူးချက်တွင် တိုက်ခိုက်ခံရစဉ်အတွင်း ပီရပေါ၏မိခင်ဖြစ်သူ အော်ဟစ်သံများကိုလည်း ရုပ်သံနှင့်အတူ အသံပါ ကြားခဲ့ရသည်။
ရဲတပ်ဖွဲ့က ပီရပေါသည် အဆိုပါ နယ်မြေအတွင်း၌ပင် ရှိနေသေးသည်ဟု ယူဆထားပြီး ၎င်းအား ဖမ်းဆီးရန် တရားရုံး ဖမ်းဝရမ်း လျှောက်ထားခဲ့ပြီး မသင်္ကာသူအား လိုက်လံရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
Ref : Bangkok Post
