၁၀.၈.၂၀၂၆
Written by Linn Eain
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့နယ်တွင် နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်သလို စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေသည့် မြင်းမူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မုံရွာမြို့နယ်၊ ဘားအံမြို့နယ်၊ မဒေါက်မြို့နယ်နှင့် မြစ်ငယ်မြို့နယ်တို့တွင်လည်း နောက်တစ်ရက်အတွင်း မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၀ ရက်၊ နံနက် ၈ နာရီ၊ ကြိုတင်သတိပေးချက်အရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၀ ရက်၊ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလိုသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၁၂ နာရီအတွင်း ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ရေကြီးနိုင်၍ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုး/ဇလက သတိပေးနှိုးဆော်ထားသည်။
ထို့ပြင် မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ မြင်းမူမြို့နယ်၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် နံနက် ၆ နာရီခွဲ တိုင်းထွက်ချက်အရ ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့်တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် နံနက် ၆ နာရီခွဲ တိုင်းထွက်ချက်အရ မုံရွာမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်သဖြင့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဘားအံမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သေးကြောင်း သိရသည်။
မဒေါက်မြို့နယ်တွင် စစ်တောင်းမြစ်ရေသည် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့်မြင့်တက်လာကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ မြစ်ငယ်မြို့နယ်တွင် ဒုဋ္ဌာ၀တီမြစ်ရေသည် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့်မြင့်တက်လာကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရပ်တည်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြင်းမူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မုံရွာမြို့နယ်၊ ဘားအံမြို့နယ်၊ မဒေါက်မြို့နယ်နှင့် မြစ်ငယ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
