၉.၈.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မိုးရွာသွန်းမှုများကြောင့် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၉ ရက်နေ့အထိ နေအိမ် ဆယ်လုံးကျော် ပျက်စီးမှုရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၉ ရက် နံနက်ပိုင်းက မိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ပြာသာဒ်ရွာအဝင် စာသင်ကျောင်းအနီး ကားလမ်းပြိုကျမှုကြောင့် လမ်းအောက်ဘက်ရှိ လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်နယ်မြေ (၄)ရပ်ရှိ လူနေအိမ်နှစ်လုံးပေါ်သို့ မြေထိန်းနံရံပြိုကျကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် သြဂုတ်လ ၇ ရက်မွန်းလွဲ ၂ နာရီခန့်က မြို့မအုပ်စု၊ မြို့မအပိုင်း(၄)ရှိ အုတ်ကပ်ထရံကာ နေအိမ်တစ်လုံး ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးခဲ့သလို ကျပ်ပြင်ရွာ၊ ကျပ်ပြင်စျေး သစ်တော်ခြံအနီးတွင်လည်း မြေသားပြိုကျ၍ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းပိုင်းများတွင်လည်း လမ်းအက်ကြောင်းများ ဖြစ်ပေါ်ပြီး ပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားလျှိုရပ်ကွက်တွင်သြဂုတ်လ ၅ ရက် နံနက် ၅ နာရီခွဲအချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျ၍ လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုးကုတ်မြို့နယ်တွင် ဖြစ်ပေါ်လျက်ရှိသော မြေပြိုကျမှုကြောင့် လူနေအိမ်များ ပျက်စီးမှု၊ လမ်းများပျက်စီးမှုများကို ပါရမီနာမှုကူညီရေးအသင်း ၊လောကဟိတလူမူကူညီရေးအသင်းနှင့် ဒေသခံလူမှုကူညီရေးအသင်းတို့မှ အသင်းဝင်များ၊ဒေသခံများက ဝိုင်းဝန်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မိုးကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားရှိ လှေကားစောင်းတန်းတွင် မြေအက်ကွဲမှုများ ဖြစ်ပေါ်ပြီး ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

“ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မိုးတိတ်သွားပြီး နေပွင့်ပါတယ်။ နောက်ရက်တွေမှာ မိုးဆက် မရွာပါစေနဲ့လို့ဘဲ ဆုတောင်းရတော့မှာပါ။ နောက်ရက်တွေမှာ မိုးဆက်ရွာမယ်ဆိုရင်တော့ ဖောင်တော်ဦးဘုရားကုန်းမြေဟာလည်း အချိန်မရွေးပြိုကျသွားနိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
