နေမိုး
၉. ၈. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေ ရတနာဆိုင် ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၂ နာရီအကြာ ဩဂုတ်လ ၇ ရက်တွင် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၊ အမှတ် (၆) ရပ်ကွက်နေ ဦးအောင်မြင့်(ခ) ဆူပရာမန်းနီး(ဘ) ဦးကရပဲယား၊(ဟိန္ဒူ ၊ ဗုဒ္ဓ) သည် ၎င်းပိုင်ဆိုင်သည့် Diamond Shine စိန်ရွှေရတနာဆိုင်မှ ဩဂုတ်လ ၆ ရက် ညနေ ၅နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လာစဉ် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာလမ်း အိမ်အမှတ်၊ (၃၆) အရှေ့သို့အရောက်၌ စိစစ်ဆဲ အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီချိန်ခန့်တွင် အကြမ်းဖက်သမားများက ဦးအောင်မြင့် ကိုင်ဆောင်သောဖုန်းဖြင့် ၎င်း၏ မိသားစုများထံသို့ ဆက်သွယ်၍ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီးအား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ် သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားခြင်းမပြုရန်နှင့် တိုင်ကြားပါက ဦးအောင်မြင့်အား သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ငွေကြေး တောင်းခံခဲ့ကြောင်း သိရှိရသည်။




ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါဖြစ်စဉ်မှ တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများ ဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင် (ဘ) ဦးလှမြင့် (ခ) ဦးဘာစန်း (ဟိန္ဒူ၊ဗုဒ္ဓ) နှင့် ဂင်ဒို (ခ) လင်းလင်း (ဘ) ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ) တို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ) အောင်သူဦး (ဘ) ဦးဝင်းလှိုင် တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင်အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ အဆိုပါနေရာတစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး အား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေ တွေ့ရှိကယ်တင်နိုင်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိနေသောတရားခံများအား အမြန်ဆုံး ပါဝင် ဖော်ထုတ်ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် တရားခံ မောင်ငယ် (ဘ) ဦးဘီဒါဒေါင်း (ဟိန္ဒူ၊ ဗုဒ္ဓ)အား ဒေါပုံမြို့နယ်၊ စံပြ(၁) လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အထက်ပါပြန်ပေးဆွဲမှုဖြစ်စဉ်တွင် ပတ်သက်ခဲ့ကြသည့် တရားခံ ကျော်သူရ၊ အောင်ထက်မိုး နှင့် ကျော်သက်တို့ ၃ ဦးအား နေအိမ် အသီးသီးတွင်လည်းကောင်း၊ ပြန်ပေးဆွဲမှုပြု လုပ်ရာတွင်အသုံးပြုခဲ့သည့် Taxi နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင် (ဘ) ဦးတင်ဝင်းအား ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာ အလယ်လမ်း အိမ်အမှတ် (၃၁၇)၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ တရားခံများအား ဖြစ်စဉ်ဖြစ်ပွားပြီး အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း ၉ ဦးတို့အား တည်ဆဲဥပဒေများနှင့် အညီထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
