MT News
၉. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလ လူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ ယနေ့ တွေ့ဆုံစဉ် ရေဘေးကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်လာရောက်အားပေးလိုသည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ထို့အပြင် ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း မူလအခြေအနေအတိုင်း နီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်ဆင့်ပြောကြားသည်။

ယင်းအပြင် ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းပြန်လည်တက်ရောက်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ် တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်ဟု သိရသည်။
