သက်တံ့
၇. ၈. ၂၀၂၆
ကမ္ဘာကျော် ထရီလျံနာသူဌေးကြီး Elon Musk ၏ SpaceX ကုမ္ပဏီက လွှတ်တင်ထားသည့် Falcon 9 ဒုံးပျံ၏ အစိတ်အပိုင်းတစ်ခု လမျက်နှာပြင်ပေါ်သို့ ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ရိုက်ကူးရရှိထားသည့် လ၏ ဓာတ်ပုံများကို တောင်ကိုရီးယား အာကာသအေဂျင်စီက ထုတ်ပြန်လိုက်သည်။
တောင်ကိုရီးယား အာကာသအေဂျင်စီ (KASA) က ၎င်းတို့၏ လပတ်ဂြိုဟ်တု Danuri သည် ဖြစ်ပွားပြီးနောက် ရိုက်ကူးရရှိသော ဓာတ်ပုံများကို မတိုက်မိမီက လမျက်နှာပြင်ပုံစံ ဓာတ်ပုံများနှင့် ယှဉ်တွဲ၍ မျှဝေခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယား အာကာသအေဂျင်စီ၏ အဆိုအရ ဒုံးပျံအပျက်အစီးသည် ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် နံနက် ၀၆:၃၅ နာရီခန့်တွင် လကို ဝင်ဆောင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဝင်ဆောင့်မှုမှာ တမင်တကာ ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း SpaceX က ပြောကြားထားသည်။

SpaceX သည် ပြန်လည်အသုံးပြုနိုင်သည့် Falcon 9 ဒုံးပျံများကို ဒုံးပျံ၏ အဓိကတွန်းအားပေးစက် (အောက်ခြေအပိုင်း) ကို ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်စေပြီး၊ အသုံးပြုပြီးသား အထက်အဆင့် (Upper Stage) အပိုင်းများကိုမူ အာကာသအတွင်း စွန့်ပစ်ရန် ဒီဇိုင်းထွင်ထားခြင်း ဖြစ်သည်။ SpaceX သည် ယခုဒုံးပျံအမျိုးအစားကို သမိုင်းဝင်မစ်ရှင် အများအပြားတွင် အသုံးပြုခဲ့သည်။
လကို တစ်နာရီလျှင် မိုင် ၅,၄၀၀ (ကီလိုမီတာ ၈,၇၀၀) နှုန်းဖြင့် ဝင်ဆောင့်မည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းခဲ့ကြသည့် အဆိုပါ Falcon 9 ဒုံးပျံ၏ လွတ်နေသော အထက်အဆင့် (အပျက်အစီး) မှာ ငါးထပ်တိုက် အဆောက်အအုံမျှ ပမာဏရှိပြီး ကမ္ဘာပေါ်တွင် အလေးချိန် ကီလိုဂရမ် ၄,၀၀၀ ခန့် လေးလံသည်။
ဒုံးပျံအစိတ်အပိုင်း လကို ဝင်ဆောင့်စဉ် ဖြစ်ပေါ်ခဲ့သည့် တိုတောင်းပြီး ပြင်းထန်သော အလင်းရောင် တောက်ပမှုကို အပျော်တမ်း အာကာသလေ့လာသူများအနေဖြင့် အဆင့်မြင့် တယ်လီစကုပ်များဖြင့်ပင် ကြည့်ရှုနိုင်ရန် ခက်ခဲမည်ဖြစ်သည်။ သို့သော်လည်း ဆိုးလ်အာကာသအေဂျင်စီ အပါအဝင် ပိုမိုကြီးမားသည့် အာကာသလေ့လာရေးစခန်းများက အချက်အလက်များကို စိစစ်လျက်ရှိကြသည်။
ယင်းသို့ ဝင်ဆောင့်မှုမှာ ကမ္ဘာမြေအတွက် အန္တရာယ်မရှိသော်လည်း ကိန်းဘရစ်ချ်တက္ကသိုလ်မှ အာကာသဗေဒပညာရှင် Matt Bothwell က အာကာသအမှိုက်များနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

“နှစ်စဉ် အရာဝတ္ထုတွေကို အာကာသထဲ ပိုမိုလွှတ်တင်နေတာကြောင့် အာကာသဟာ ပိုမိုကျပ်ညှပ်လာပါတယ်” ဟု ၎င်းက ပြောခဲ့သလို “အာကာသဟာ အလွန်ကျပ်ညှပ်လာတာကြောင့် နောက်ပိုင်း ရာစုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့ပတ်လမ်းကို ကျော်လွန်သွားဖို့တောင်မှ အတော်လေး ခက်ခဲသွားနိုင်ပါတယ်” ဟု Bothwell က သတိပေးခဲ့သည်။
အဆိုပါ Falcon 9 ဒုံးပျံသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ဖလော်ရီဒါမှ လွှတ်တင်ခဲ့ချိန်ကတည်းက ပတ်လမ်းကြောင်းအတွင်း ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဖလော်ရီဒါမှ လွှတ်တင်ခဲ့သော ဒုံးပျံသည် လမျက်နှာပြင်ဆင်း ယာဉ်နှစ်စင်းကို အာကာသအတွင်းသို့ သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ယင်း၏ တာဝန်မှာ ဆင်းသက်ယာဉ် နှစ်စင်းစလုံးကို ကမ္ဘာ့ပတ်လမ်းကြောင်းပြင်ပသို့ ရောက်ရှိစေပြီး လဆီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် အထက်အဆင့်ကို ပြင်းထန်စွာ တွန်းထုတ်ပေးရန် ဖြစ်သည်။ အသုံးပြုပြီးကျန်ခဲ့သည့် ထိုအစိတ်အပိုင်းသည် လဆီသို့ ဦးတည်လိုက်၊ ပြန်ထွက်လာလိုက်ဖြင့် ရှည်လျားသော ပတ်လမ်းကြောင်းအတိုင်း လွင့်မျောနေခဲ့သည်။

နောက်ထပ် ၁၈ လကြာ ကာလအတွင်း ကမ္ဘာ၊ လနှင့် နေတို့၏ ငြင်သာသော ဆွဲအားများအပြင် နေရောင်ခြည်၏ တွန်းအားတို့ကြောင့် ယင်းအစိတ်အပိုင်းမှာ အနည်းငယ် ရွေ့လျားသွားခဲ့သည်။ ဒုံးပျံအစိတ်အပိုင်းကို စောင့်ကြည့်လေ့လာနေသည့် အာကာသဗေဒပညာရှင်များက ထိုသေးငယ်သော ရိုက်ခတ်မှုများကြောင့် ယင်းအစိတ်အပိုင်းသည် လဆီသို့ ဦးတည်သွားခဲ့ပြီး နေ့စဉ်နှင့်အမျှ အရှိန်မြင့်တက်လာခဲ့ကြောင်း နောက်ဆုံးတွင် ဖော်ထုတ်နိုင်ခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ဝင်ဆောင့်တိုက်မိမှုသည် ကမ္ဘာ့နေရာ အများအပြားတွင် နေ့ခင်းကြောင်တောင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ထွက်ပေါ်လာသည့် သေးငယ်သော အလင်းရောင်မှာ တယ်လီစကုပ်ဖြင့် ကြည့်လျှင်ပင် မြင်တွေ့နိုင်ရန် အလွန်ပင် မှိန်ဖျော့လွန်းခဲ့သည်ဟု သိရသည်။
Ref : BBC
