MT News
၇. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် မြို့ပေါ်ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်လျက်ရှိရာ လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိထားပြီ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။
လက်ရှိတွင် လေးမျက်နှာမြို့နယ်၌ မိုဘိုင်းစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိသည်။




ထို့ပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံး၌ Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို့၌ ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။
မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှု အခြေအနေများလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သည်ဟု သိရသည်။
