၆.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အမေရိကန်ရဲ့ ဥရောပနေတိုးမဟာမိတ်တွေဟာ အမေရိကန်အပေါ် ကြာရှည်စွာ မှီခိုနေတဲ့အတွက် သူတို့မှာ ကိုယ်ပိုင်ခိုင်မာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားနည်းတယ်လို့ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂတ်စ်ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ သြဂုတ် ၅ ရက်မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတက သူ့အရင် သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရက အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “သူတို့က အရာအားလုံးကို ပေးခဲ့တယ်၊ အများကြီး ပေးခဲ့တယ်။ ဒေါ်လာ ၃၅၀ ဘီလျံ လောက်အထိပေါ့။ ဒါက ငွေအများကြီးပဲလို့ ကျွန်တော်ပြောချင်တယ်”လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူက ဒီရန်ပုံငွေတွေကို ဘာတွေအတွက် အသုံးပြုခဲ့တာလဲ တိတိကျကျ မပြောကြားခဲ့ပါဘူး။ သူက ဂျိုးဘိုင်ဒန်အစိုးရဟာ ယူကရိန်းကို့ ထိုပမာဏတန်ဖိုးရှိတဲ့ လက်နက်တွေ လွှဲပြောင်းပေးခဲ့တယ်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။
“ကျွန်တော်က အရာအားလုံးကို ရောင်းချမှုပဲပြုခဲ့တယ်။ သူတို့ကလည်း ပေးချေဝယ်ယူဖို့ ဆန္ဒရှိပါတယ်။ ဥရောပနိုင်ငံတွေမှာ ငွေအများကြီးရှိပါတယ်” လို့ ထရမ့်ပ်က ဆက်လက်ပြောကြားခဲ့ပြီး မဟာမိတ်တွေအနေနဲ့ အမေရိကန်ရဲ့ ပံ့ပိုးမှုကို မှီခိုမယ့်အစား အမေရိကန်လက်နက်တွေကို ဝယ်ယူသင့်တယ်လို့ ညွှန်ပြခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန် ရဲ့ထောက်ပံ့မှုအပေါ် အလွန်အကျွံ မှီခိုနေတာက သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို အားနည်းစေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“သူတို့မှာ ကျွန်တော်တို့ကို ကြာရှည်စွာ မှီခိုနေခဲ့တာကြောင့် ကောင်းမွန်ခိုင်မာတဲ့ စစ်တပ်မရှိဘူး။ မင်းတို့ ဒီလိုလုပ်လို့မရဘူးဆိုတာ ကျွန်တော် သူတို့ကို ပြောခဲ့တယ်” လို့ ထရမ့်ပ်က သူ့ရဲ မိန့်ခွန်းမှာ အလေးပေး ပြောကြားသွားခဲ့ပါတယ်။
Ref: TASS News
