သတိုး
၆.၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Reception Room ၌ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။



အစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော် သီချင်းတို့ကို တီးမှုတ်၍ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ယခုကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခြင်းသည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား အစဉ်အလာကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားယုံကြည်မှုတို့ကို ထင်ဟပ်စေခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပမှုအပြင် ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်ရှိလည်းရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။



