၆.၈.၂၀၂၆
Written by Linn Eain
ဧရာဝတီနှင့် ငဝန်မြစ်ရိုးတစ်လျှောက်ရှိ တာများ ကြံ့ခိုင်မှုအခြေအနေ ကွင်းဆင်းစစ်ဆေးရန်နှင့် ရေကင်းများ စနစ်တကျချထားရန် ဒုတိယသမ္မတ ဦးညိုစောက ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဩဂုတ် ၅ ရက်၊ နေ့လယ် ၃ နာရီခွဲက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လေးမျက်နှာမြို့နယ်အတွင်း ငဝန်တာကျိုးပေါက်ပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုနှင့် ပတ်သက်၍ တာပိတ်ဆို့ပြုပြင်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။
ဒုတိယသမ္မတ ဦးညိုစောက “နိုင်ငံတော်သမ္မတကလည်း သဘာဝဘေးနှင့်ပတ်သက်၍ လိုအပ်ချက်များကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧရာဝတီနှင့် ငဝန်မြစ်ရိုးတစ်လျှောက်ရှိ တာများ ကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးရန်၊ ရေကင်းများ စနစ်တကျချထားဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါက ပြည်သူလူထုကို အသိပေးနိုင်သည့်စနစ် ထူထောင်ထားရှိရန် လိုအပ်ပြီး ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်နှင့် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြစ်ကြောင်းများတွင် အနိမ့်တမံများလည်း တည်ဆောက်နိုင်ပါကြောင်း” အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့် လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံ၊ သောက်သုံးရေစနစ်များကို အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေး ကဏ္ဍအလိုက် စီမံပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန်နှင့် အချိန်မမီပါက အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လိုအပ်သည့် ထောက်ပံ့ကူညီမှုများနှင့် နည်းပညာများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရတို့က ပူးပေါင်းစီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် ရေပြန်လည်ကျချိန်တွင် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
ဆက်လက်၍ တာတမံများ၊ မြစ်ကမ်းများ၏ တောင့်တင်းခိုင်မာမှုနှင့် ကြံ့ခိုင်မှုတို့အတွက် ရေတိုအစီအမံများနှင့် ရေရှည်ဆောင်ရွက်မည့် အစီအမံများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ကားလမ်း၊ ရထားလမ်းပိုင်းများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ရန်နှင့် ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဒုတိယသမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးအထောက်အကူပြု ကုသမှုဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ ရေငန်ဝင်ရောက်လေ့ရှိသည့် လယ်ယာများတွင် ရေငံတားတာများကို ဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
