၃၀.၇.၂၀၂၆
Written By Thandar
ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အကယ်ဒမီ မင်းသမီးခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့ဘိုးဘွားတွေများပြားလာတဲ့ မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်မှာ ခိုင်နှင်းဝေ ဘိုးဘွားများရိပ်သာ အဆောင်တိုးချဲ့ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“အမအနေနဲ့ ဘိုးဘွားရိပ်သာအတွက် ထပ်တိုးချဲ့ဖို့လုပ်နေပါတယ်။ အမဆီ နေချင်ကြတဲ့ ဒုက္ခရောက်တဲ့ ဘိုးဘွားတွေကများတဲ့အတွက်လေ။ သူတို့အသက်အရွယ်တွေက ကြီးနေကြပေမယ့် ကိုယ့်ဆီရောက်ရင်တော့ ကလေးတွေလိုဖြစ်နေကြတာပါ။ သူတို့ကို မခေါ်ပေးနိုင်တဲ့ တချို့ဘိုးဘွားကို သနားမိတာတွေလည်း ရှိပါတယ်။ ဒီနှစ်ထဲမှာ အဆောင်တွေ ထပ်ချဲ့နိုင်ဖို့ ကြိုးစားနေပါတယ်။ ငယ်ငယ်ကတည်းက ကျန်းမာရေးဂရုမစိုက်ဘဲ နေထိုင်ခဲ့တာတွေကြောင့် တချို့ကျန်းမာရေးမကောင်းတာတွေကို ပိုပြီး အမက ဂရုစိုက်ရပါတယ်။ ကျောက်ထုတ်လိုက်ရတဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ သူကတော့ ကျန်းမာသွားပါပြီ။ အဓိက ဘိုးဘွားတွေက အသက် ၇၀ အထက်ရှိတာမို့ စိတ်ချမ်းသာအောင်ထားဖြစ်တယ်။ ဘိုးဘွားတွေကို ချော့ပြီးတော့ ပြောရတာတော့ရှိတာပေါ့။ ပိုအချော့ကြိုက်တယ်”လို့ အကယ်ဒမီ ခိုင်နှင်းဝေကပြောပါတယ်။
လက်ရှိ ဘိုးဘွားရိပ်သာကို အယောက် ၆၀ ကျော်ရှိပြီး အသက် ၇၀ နဲ့အထက် ခိုကိုးရာမဲ့ ဂိလာနဘိုးဘွားတွေကို အဓိကဦးစားပေးစောင့်ရှောက်နေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေ ရင်သွေးငယ်များဂေဟာနဲ့ ခိုင်နှင်းဝေ ပရဟိတအခမဲ့ဆေးခန်းကိုလည်း ဖွင့်လှစ်ပြီး ရင်ခွင်မဲ့ကလေးတွေနဲ့ နာမကျန်းဖြစ်သူတွေအတွက်လည်း အခမဲ့ ဆေးကုသပေးနေလျက်ရှိပါတယ်။
#ခိုင်နှင်းဝေ #KhineHninWai #MyanmarActress #သရုပ်ဆောင် #ခိုင်နှင်းဝေဘိုးဘွားရိပ်သာ #ခိုင်နှင်းဝေရင်သွေးငယ်များဂေဟာ #MyanmarCelebrityLifestyle






