၃၀. ၇.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၂)၊ မြို့ရှောင်လမ်း၊ ကျီးကိုင်လမ်းခွဲအနီးတွင် ဇူလိုင် ၂၉ ရက် ည ၆ နာရီခန့်က အမျိုးသမီးသုံးဦး စီးလာသော ဆိုင်ကယ်ကို Faw ကားတစ်စီးက ဝင်တိုက်ကာ ထွက်ပြေးရာမှ မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အမျိုးသမီးသုံးယောက်စီးလာတဲ့ဆိုင်ကယ်ကို ကားတစ်စီးက တိုက်ပြေးသွားတာပါ။ သုံးယောက်မှာ အမွှာညီအစ်မနှစ်ယောက်ပါတယ်။ တိုက်တဲ့အချိန်မှာ ကောင်မလေးတစ်ယောက်က ပြုတ်ကျပြီး ကျန်ခဲ့တယ်။ ပြုတ်ကျတဲ့ကောင်မလေးက ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။



ဖြစ်စဥ်တွင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် အမွှာညီအစ်မနှစ်ဦး လိုက်ပါလာသော ဆိုင်ကယ်တစ်စီးကို Faw ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဥ်တိုက်သည့်အရှိန်ကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သော အသက် ၁၂ နှစ်အရွယ် မဖူးခက်သံစဥ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်းသိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးနှင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့မှာ ဒဏ်ရာများရရှိသဖြင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကူညီပေးခဲ့ကြောင်း သိရသည်။
“အဲ့ဒီနေရာက အဝေးပြေးလမ်းဆုံမို့ မီးပွိုင့်တပ်ခွင့်မရရင်တောင် ရပ်ကြည့်သွား ဆိုင်းဘုတ်လေးတပ်ပေးစေချင်ပါတယ်။ အရင်ကတော့ သတိပေးဆိုင်းဘုတ်တွေ၊ အချက်ပြဆိုလာမီးလည်းရှိတယ်။ ပြန်ထားပေးရင်ကောင်းမယ်။ မြို့သစ်ကလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေက အရှိန်နဲ့ပြေးတက်ရတာလည်း အန္တရာယ်ရှိပါတယ်။ မြင်ကွင်းတွေလည်း ရှင်းထားသင့်ပါတယ်”ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးက ပြောသည်။



