နေမိုး
၂၈. ၇. ၂၀၂၆
နေအိမ်တွင် အိပ်ပျော်နေသည့် ဇနီးမောင်နှံနှစ်ဦးကို ပဲခူး PDF များက ဒလန်လင်မယားဟု စွပ်စွဲကာ သေနတ်ဖြင့်ပစ်သတ်သွားသဖြင့် နှစ်လောင်းပြိုင်သေဆုံးမှု ညောင်လေးပင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိုနယ်၊ ဇီးကန် (အရှေ့) ကျေးရွာနေ ဦးကျော်သူရ (ခ) မျိုးသက် (ခ) ကုလား (၄၅) နှစ်သည် ဇူလိုင်လ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးအေးအောင် (၃၈) နှစ် နှင့်အတူ နေအိမ်တွင်အိပ်ပျော်နေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်လင်မယားဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတိုနှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
