သတိုး
၂၉. ၇. ၂၀၂၆
ဂျပန်နိုင်ငံ တောင်ပိုင်း ကူမာမိုတိုခရိုင်တွင် အင်္ဂါနေ့က ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ စျေးဝယ်စင်တာတစ်ခု၌ ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး ၂ ဦး သေဆုံးခဲ့သလို အခြားအဆောက်အအုံ ပြိုကျမှုကြောင့် ၁ ဦး သေဆုံးခဲ့သည့်အပြင် ဒေသတွင်းရှိ နေအိမ် ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြီး လမ်းမကြီးများလည်း ပျက်စီးသွားခဲ့သည်။
ငလျင်လှုပ်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Aeon Mall Kumamoto စျေးဝယ်စင်တာတွင် ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ဆောင်နေသော အဖွဲ့များသည် အဆောက်အအုံအတွင်းမှ လူ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ခရိုင်အစိုးရက ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ထို ၈ ဦးအနက် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား ၁ ဦးမှာ နှလုံးနှင့် အသက်ရှူလမ်းကြောင်း ရပ်တန့်သွားသည့် အခြေအနေ (Cardiopulmonary arrest) သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ကျန် ၅ ဦးမှာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အရေးပေါ် မီးသတ်ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Self-Defense Force) တပ်ဖွဲ့ဝင်များသည် အကူအညီတောင်းခံသံများ ရရှိခဲ့သည့် အဆောက်အအုံ၏ နေရာများကို အဓိကထား၍ ညလုံးပေါက် ပူးပေါင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi) က အင်္ဂါနေ့တွင် တိုကျိုရှိ သူမ၏ ရုံးခန်းမှ သတင်းထောက်များကို ပြောကြားရာ၌ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကလည်း ငလျင်ဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် အဆိုပါဒေသ၏ ထိခိုက်ပျက်စီးမှု အခြေအနေအပြည့်အစုံကို တာဝန်ရှိသူများက ဆက်လက် စိစစ်ဆန်းစစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
”လူတွေ ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို ကျွန်မတို့ သတင်းရရှိထားပြီးပါပြီ။ အချို့ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်တာနဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့သလို လမ်းတွေ၊ တံတားတွေ ပျက်စီးတာနဲ့ အဆောက်အအုံတွေ ပြိုကျတာတွေလည်း ရှိခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် တာကာအိချိက ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်း (Kyushu) ရှိ အဆိုပါဒေသတွင် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေချိန်၌ ပြည်သူ ၃၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြရန် ညွှန်ကြားထားသည်။
◾ မီးတောင်ပြာများ ကျဆင်းနေသကဲ့သို့ ဖြစ်ခဲ့
ဆိုင်ပေါင်း ၂၀၀ ခန့် ပါဝင်သည့် အဆိုပါ စျေးဝယ်စင်တာ၏ ဘေးတစ်ဖက်မှာ ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားခဲ့ပြီး သံမဏိယက်မများ ပေါ်ထွက်လာကာ ယာဉ်ရပ်နားစခန်းအနှံ့ အပျက်အစီးများ ပျံ့နှံ့နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့မြင်ခဲ့ရသည်။
စျေးဝယ်စင်တာ လုပ်ငန်းလုပ်ကိုင်သည့် Aeon ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပထမအကြိမ် ငလျင်လှုပ်ခတ်ပြီးနောက် ဝယ်ယူသူများနှင့် ဝန်ထမ်းများကို ချက်ချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ထို့နောက် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၏ တိကျသော အကြောင်းအရင်းကို မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။ ဓာတ်ငွေ့ ပေါက်ကွဲမှု ဟုတ်မဟုတ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း NTV သတင်းဌာနက ဖော်ပြခဲ့သည်။
Aeon စျေးဝယ်စင်တာနှင့် မီတာ ၃၀၀ ခန့်အကွာရှိ အရက်ဆိုင်တစ်ခုအတွင်း ငလျင်ကြောင့် ကွဲသွားသည့် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ကာဇူယာ ဆူရုနာဂ (Kazuya Tsurunaga) က TBS သတင်းသို့ ပြောကြားခဲ့သည်။
”အင်မတန် ပြင်းထန်တဲ့ ထိခိုက် ရိုက်ခတ်မှုပါ။ မီးခိုးလုံးကြီးတွေ အထက်ကို အလိပ်လိုက် တက်လာခဲ့ပြီး လေတိုက်ခတ်ရာဘက်က ဆိုင်ဘက်ကို ဦးတည်နေတာမို့ ကျွန်တော်တို့ ပတ်ဝန်းကျင်တစ်ခုလုံး မီးတောင်ပြာတွေ ကျဆင်းနေသလိုဖြစ်သွားခဲ့တယ်” ဟု သူက ပြောဆိုခဲ့သည်။
ထို့အပြင် Nippon Paper Industries စက်ရုံရှိ မီးခိုးခေါင်းတိုင် ပြိုကျပြီးနောက် လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့ပြီး၊ ဆေးရုံ နှစ်ရုံတွင်လည်း ဒဏ်ရာရရှိသူ ၅၀ ထက်မက အသီးသီး ကုသပေးနေရကာ အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ချိန်၌ အရှိန်မြင့် ရထားများပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ရထားပြေးဆွဲသည့်လုပ်ငန်းများက ပြောကြားခဲ့သည်။

◾ အဆောက်အအုံများ မီးလောင်ကျွမ်းမှု
အဆောက်အအုံများ အစိတ်အပိုင်းလိုက် ပြိုကျခြင်းနှင့် မီးလောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များစွာကို တာဝန်ရှိသူများက သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ငလျင်ဗဟိုချက်နှင့် နီးကပ်သော မြို့တစ်မြို့တွင် အဆောက်အအုံ ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း TV Asahi က ဖော်ပြခဲ့သည်။ သို့သော် အသေးစိတ်အချက်အလက်များ ဖော်ပြလာခြင်းမရှိသေးပေ။

လမ်းမကြီးများ ပျက်စီးမှု ပြင်းထန်ခဲ့ပြီး ကြီးမားသော အက်ကြောင်းများ လမ်းမကြီးများတွင် ဖြစ်ပေါ်လာခဲ့သဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ရထားပြေးဆွဲမှုများကို ဆိုင်းငံ့ထားပြီး လေကြောင်းလိုင်း ခရီးစဉ်များကိုလည်း ဖျက်သိမ်း သို့မဟုတ် ရပ်ဆိုင်းထားသည်။
ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် TSMC၊ Sony နှင့် Fujifilm တို့သည် ငလျင်လှုပ်ပြီးနောက် ၎င်းတို့၏ စက်ရုံများမှ အလုပ်သမားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ TSMC က အင်္ဂါနေ့နှောင်းပိုင်း သတင်းထုတ်ပြန်ချက်တွင် ၎င်း၏ စက်ရုံနေရာ ထိခိုက်မှုမရှိဘဲ လုပ်ငန်းများကို တဖြည်းဖြည်း ပြန်လည်စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဆီမီကွန်ဒတ်တာ စက်ပစ္စည်း ထုတ်လုပ်သည့် Tokyo Electron ကုမ္ပဏီက ကူမာမိုတိုရှိ ၎င်း၏ စက်ရုံ နှစ်ရုံကို ဗုဒ္ဓဟူးနေ့အထိ လုပ်ငန်းခွင် ရပ်နားထားမည်ဟု ပြောကြားခဲ့ပြီး Honda ကုမ္ပဏီကလည်း ထိုဒေသရှိ မော်တော်ဆိုင်ကယ်စက်ရုံကို ယာယီ ရပ်နားမည်ဟု ဆိုသည်။
ငလျင်၏ ဗဟိုချက်မှာ လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်ပြီး ကျူရှူးကျွန်း အလယ်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သော ကူမာမိုတိုမြို့၏ တောင်ဘက် ၂၀ ကီလိုမီတာ (၁၂ မိုင်) ခန့်အကွာတွင် တည်ရှိသည်။
ပြင်းထန်သော ငလျင်ဒဏ် ခံစားခဲ့ရသည့် ဒေသများရှိ ပြည်သူများအနေဖြင့် တစ်ပတ်ခန့်အထိ နောက်ဆက်တွဲ ပြင်းထန်သော ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေနှင့် မြေပြိုမှု အန္တရာယ်များကို သတိပြုကြရန် ဂျပန်မိုးလေဝသအေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက သတိပေးထားသည်။

◾ နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်မရှိ
ပစိဖိတ်သမုဒ္ဒရ ဝန်းရံထားသည့် မီးတောင်များနှင့် ပင်လယ်ရေအောက် ချိုင့်ဝှမ်းများ၏ “မီးကွင်း” (Ring of Fire) ပေါ်တွင် တည်ရှိသော ဂျပန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ပြင်းအား ၆ နှင့်အထက် လှုပ်ခတ်သည့် ငလျင်များ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာ ဒေသဖြစ်သည်။
ကျူရှူး လျှပ်စစ်ဓာတ်အားကုမ္ပဏီက ယခု ငလျင်ကြောင့် နေအိမ် ၄၈,၀၀၀ မီးပြတ်တောက်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး JR Kyushu ရထားကုမ္ပဏီကလည်း အမြန်ရထားလိုင်းများ အပါအဝင် ရထားပြေးဆွဲမှုများကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။ ကူမာမိုတို လေဆိပ်သည် ပြေးလမ်းကို ပိတ်ထားခဲ့ပြီး လေကြောင်းလိုင်းများက ခရီးစဉ်များကို လမ်းကြောင်းပြောင်းခြင်းနှင့် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဒေသရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပုံမှန်မဟုတ်သည့် အခြေအနေများ သတင်းမရရှိသေးကြောင်း ဂျပန် နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်က ကူမာမိုတိုတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ကြောင့် တရားဝင် စာရင်းများအရ လူ ၂၇၅ ဦး သေဆုံးကာ ၂,၇၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့၏ ထင်ရှားသော ခရီးသွားနေရာဖြစ်သည့် ရဲတိုက်တံတိုင်းများ အပါအဝင် အဆောက်အအုံ ထောင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ဖူးသည်။
ငလျင်ဘေးအပြင် ဗုဒ္ဓဟူးနေ့တွင် အပူချိန်သည် ၃၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်လာမည်ဖြစ်သောကြောင့် အပူဒဏ်ကြောင့် မူးမေ့လဲကျခြင်း (heatstroke) အန္တရာယ်ကို သတိပြုကြရန် တာဝန်ရှိသူများက ပြည်သူများကို သတိပေးထားသည်။
Ref: Reuters
