◾ မြေဧရိယာ ဧက ၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းကို လည်း အကောင်အထည်ဖော်ဆောင်ရွက်နေသဖြင့် စိတ်ပါဝင်စားသည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန်ပါ ဖိတ်ခေါ်
◾ “မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်”ကို တက်ရောက်လာသည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်၍ မြန်မာ့အခြေအနေမှန်များကို ဂျပန်ပြည်သူများကို သတင်းစကား ပြန်လည် ဖြန့်ဝေပေးစေလိုကြောင်းပါ တောင်းဆို
MT News
၂၈. ၇. ၂၀၂၆
မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ပူးပေါင်း ကျင်းပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည် ဦးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊ ဦးထိန်လင်း၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာချာလီသန်း၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးမျိုးသန့်၊ ဦးမောင်မြင့်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki နှင့် ထိပ်တန်းဂျပန်ကုမ္ပဏီများမှ အကြီးအကဲများ၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မြန်မာကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။





ဦးစွာ နိုင်ငံတော်သမ္မတက မြန်မာ-ဂျပန်စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ဒီးဂျစ်တယ်နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ဟိုတယ်၊ ခရီးသွားလာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “နန်းတွင်းအက တေးအလှ” ယိမ်းအကဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်ပြည်သူများအကြား အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှု၊ ရင်းနှီးမှုနှင့် ထားရှိသည့် သံယောဇဉ်များသည် နှစ်နိုင်ငံသမိုင်းတွင် စံပြု၍ရသည်အထိ စွဲမြဲတည်တံ့လျက်ရှိကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ ခြင်းဖြစ်သဖြင့် ယခုဆိုပါက နှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံ ရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် များစွာအထောက် အကူပြုခဲ့သည်ကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကိန်းဂဏန်းအချက်အလက်များကိုကြည့်ပါက မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃၄ ဒဿမ ၇၉၅ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၁၉၄ ဒဿမ ၃၉၄ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၃ ဒဿမ ၆၆၅ သန်း ဖြင့် တိုးတက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၅၈ ဒဿမ ၅၈ သန်းရှိခဲ့ပြီး ဂျပန်နိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၅ ဒဿမ ၈၁ သန်း တင်သွင်းခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၉၄ ဒဿမ ၃၉၄ သန်း ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတွင် ဂျပန်နိုင်ငံ၏ ပါဝင်မှုရာခိုင်နှုန်းသည် ၄ ဒဿမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံအဆင့် ၆ တွင် ရပ်တည်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သည့် အဓိကပို့ကုန်များအနေဖြင့် ချုပ်လုပ်ပြီး အထည်များ၊ ဖိနပ်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်း များဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည့် အဓိက သွင်းကုန်ပစ္စည်းများမှာ အထည်အလိပ်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးပစ္စည်းများ၊ လျှပ်စစ် ဆိုင်ရာ စက်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ဇာနှင့်ဇာထိုးထားသည့် အထည်အလိပ်များပင်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှတစ်ဆင့် မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုကို ယခင်ကထက် ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ပါကလည်း ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အထူးသဖြင့် သီလဝါအထူး စီးပွားရေးဇုန် (Thilawa SEZ) သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသည့် ပြယုဂ်တစ်ခုဖြစ်ပြီး၊ စက်မှုဇုန်၊ ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ စွမ်းအင်နှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာ လာရောက်ရင်းနှီး မြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း၊သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံး ၂၉ ဒဿမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းတစ်ခုဟု ဆိုနိုင်ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက် ရင်းနှီးမြှုပ်နှံထားရှိပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ဂျပန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ (၂၁) နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း ၁၂၆ ခုကို ရင်းနှီး မြှုပ်နှံရန် ခွင့်ပြုပေးထားပြီး စုစုပေါင်းအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများအတွက် လျှပ်စစ်စွမ်းအင်တည်ငြိမ်စွာရရှိရေးနှင့် One-Stop Service အပါအဝင် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုချောမွေ့လွယ်ကူစေရန် အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းကွင်းဆက်ခိုင်မာစေရေး အတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ ဂျပန်နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ကြမ်း များကိုအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့်လုပ်ငန်းများအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုမည့် အဆင့်မြင့်နည်းပညာကဏ္ဍ များတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လိုကြောင်း ဖြင့် ပြောကြားသည်။







ဂျပန်နိုင်ငံသည် ယနေ့အချိန်ထိ ဖွံဖြိုးပြီးနိုင်ငံအဖြစ်တည်ဆောက်ရာတွင် MSME နှင့် SME လုပ်ငန်းများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို သိရကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍတွင် ဂျပန် နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံကြမည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များအရ ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံတွင်(၉)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၆၉ ဒဿမ ၀၅၆ သန်း တန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခု လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း၊မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ခန့် လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး ဂျပန်နိုင်ငံသား ၁,၅၀၀ ကျော် လာရောက်နေထိုင်လျက်ရှိသည့်အတွက် နှစ်ဖက်လုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းအချင်း ကူးလူးဆက်ဆံရေး အဆင်ပြေချောမွေ့လျက်ရှိပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊မိမိတို့ မြန်မာနိုင်ငံသည် သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံ၊တရုတ်နိုင်ငံနှင့်လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ကြီးမားသည့်ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံ ဒေသတွင်း အချက်အချာကျသည့်နေရာတွင် ရှိနေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားရှိပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့်အလားအလာကောင်းသည့် မြေလွတ်မြေရိုင်းများစွာ ရှိနေကြောင်း၊ မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များသာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ကဲ့သို့သော ရာသီသီးနှံများပါ အလွယ် တကူစိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် သမားရိုးကျ စိုက်ပျိုးသည့် စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီစိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းနိုင်ရေး ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံ၏ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်မြေ ဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ် ထုတ်လုပ် ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ် လုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်း အားပေးဖိတ်ခေါ်လျက်ရှိကြောင်း၊ ကုန်ကြမ်း ခိုင်မာစွာရှိထားသည့် ရာဘာကိုအခြေခံသည့် အဆင့်မြင့်ရာဘာထုတ်လုပ်ခြင်း၊ ရာဘာ အခြေခံတာယာနှင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်လာစေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံး လုပ်နည်းများကို လွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုပါကြောင်း၊ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ၏ လာရောက်ရင်းနှီးမြုပ်နှံမှုများကိုနိုင်ငံတော်အနေဖြင့် အစဉ်အမြဲ လက်ကမ်းကြိုဆိုလျက်ရှိကြောင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကို ပြောကြားလိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင် အဓိကလိုအပ်သည့် စွမ်းအင် ဆိုင်ရာအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အလေးထား ဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများအပြီး ထွက် ပေါ်လာသည့် အစိုးရသစ်အနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံ မှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဥပမာအားဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်(EV)များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်း တို့တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်အခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ရာသီဥတုကောင်း သည့်တောင်ပေါ်ဒေသတွင် မြေဧရိယာ ဧက ၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းကို လည်း အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိတ်ပါဝင်စားသည့် ဂျပန် နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယခုဖိုရမ်သည် မိမိတို့ နှစ်နိုင်ငံအကြား ရှိရင်းစွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် အထောက်အကူပြုမည့် အခြေခံကောင်းတစ်ရပ် ဖြစ်လာမည်ဟုယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် လူငယ်အင်အား၊ လုပ်သားအင်အား စသည့်အားသာချက်များကို ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ၊ နည်းပညာ စသည်တို့နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိစေမည့်(Win-Win)စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင် တည်ဆောက် နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ “မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်”ကို တက်ရောက်လာသည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို တက်ရေက်လာကြသည့် မိတ်ဆွေများမှ တစ်ဆင့် ဂျပန်ပြည်သူများကို သတင်းစကား ပြန်လည် ဖြန့်ဝေပေးစေလိုကြောင်းနှင့်ယနေ့ကျင်းပသည့်ဖိုရမ်မှတစ်ဆင့် နှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ ပိုမိုအားကောင်းပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများနှင့်ရလဒ်ကောင်းများ ပိုမိုခိုင်မြဲစွာတိုးတက်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
