သတိုး
၁၉. ၇. ၂၀၂၆
နယူးယောက်မြို့ရဲ့ မိုးကုတ်စက်ဝိုင်းပေါ်မှာ နေရောင်ခြည် ဖြာကျနေချိန်မှာပဲ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး စင်မြင့်ကြီးဟာ ပြီးပြည့်စုံတဲ့ ပိတ်ပွဲကို အလှဆင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကတော့ အာဂျင်တီးနားနဲ့ စပိန်တို့ မကြာခင် ယှဉ်ပြိုင်မယ့် ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီး ဖြစ်ပါတယ်။
ဒါဟာ ဘောလုံးအနုပညာ စစ်စစ်ကို မြတ်နိုးသူတွေအတွက် ဆုလာဘ်တစ်ခုဖြစ်ပြီး ဒဿနချင်း ထိပ်တိုက်တွေ့ဆုံမှုလို့လည်း ပြောလို့ရပါတယ်။ ခံစားရတဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်း အောင်ပွဲခံလေ့ရှိတဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကွင်းတွင်းထိန်းချုပ်မှုကို ကမ္ဘာကြီးအဖို့ အကောင်းဆုံး သင်ခန်းစာပေးခဲ့တဲ့ ဥရောပချန်ပီယံ စပိန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ။
တစ်ဖက်မှာက ကွင်းအတွင်း လှုပ်ရှားမှုတိုင်းဟာ မျက်လှည့်လို ဆွဲဆောင်မှုရှိပြီး တားဆီးရခက်လှတဲ့ လီယွန်နယ် မက်ဆီ (Lionel Messi) ရှိနေပြီး၊ အခြားတစ်ဖက်မှာတော့ ကွင်းတွင်းခြေစွမ်းနဲ့ ကွင်းပြင်ပက ထင်ရှားတဲ့ ပင်ကိုယ်စရိုက်တွေကြောင့် စူပါစတားတစ်ဦး ဖြစ်လာမယ့် အရိပ်အယောင်တွေ ပြသနေတဲ့ ဆယ်ကျော်သက် ပါရမီရှင် လာမိုင်း ယာမား (Lamine Yamal) ရှိနေပါတယ်။
ဒါကြောင့် မြန်မာစံတော်ချိန် ဒီည ၁ နာရီခွဲမှာ စတင်မယ့်၊ အောင်ပွဲခံ စက္ကူစတွေ ကြွေကျပြီး မီးရှူးမီးပန်းတွေ ပေါက်ကွဲမယ့်အချိန်မှာ အာဂျင်တီးနားက သမိုင်းဝင် နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပင့်မြှောက်သွားမလား၊ ဒါမှမဟုတ် စပိန်ရဲ့ ရွှေရောင်မျိုးဆက်က ၁၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပျော်ရွှင်မှုကို ပြန်လည်ယူဆောင်ပေးမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

◾ စပိန်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဘယ်လို တက်ရောက်လာခဲ့ကြသလဲ
စပိန်အသင်းဟာ အုပ်စု (H) မှာ ဆော်ဒီအာရေဗျ၊ ဥရုဂွေးတို့ကို အနိုင်ရပြီး ကိပ်ဗာဒီနဲ့ သရေကျကာ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမ ရရှိခဲ့ပါတယ်။ ရှုံးထွက်အဆင့် (၃၂ သင်းအဆင့်) ပွဲစဉ်ကို ဩစတြီးယားကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ယူကာ စတင်ခဲ့ပြီးနောက် ၁၆ သင်းအဆင့် အိုင်ဘေးရီးယားဒါဘီ ပွဲစဉ်မှာ ပေါ်တူဂီကို ပွဲနှောင်းပိုင်းသွင်းဂိုး ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီနောက် ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို ပွဲပြီးခါနီး သွင်းဂိုး၂-၁ နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး၊ ဆီမီးဖိုင်နယ်မှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ကာ ၂-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ပထမအဆင့်မှာ အယ်လ်ဂျီးရီးယား၊ ဩစတြီးယားနဲ့ ဂျော်ဒန်တို့ကို အနိုင်ယူကာ အုပ်စု (J) မှာ ပထမနေရာနဲ့ ခြေစွမ်းပြခဲ့ပါတယ်။ ၃၂ သင်းအဆင့်မှာ ကိပ်ဗာဒီကို အချိန်ပိုမှ ၃-၂ နဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပြီး၊ ၁၆ သင်းအဆင့်မှာ အီဂျစ်ကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာက ၃-၂ နဲ့ ဒိုင်လူကြီးတွေ
ဘက်လိုက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အငြင်းပွားမှုများစွာနဲ့အတူ ပြန်လည်အနိုင်ရခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်ကို မိနစ် ၁၂၀ အထိ ကစားခဲ့ရပြီး ၃-၁ နဲ့ အနိုင်ရခဲ့သလို၊ အကြိတ်အနယ်ရှိခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကို ပွဲနှောင်းပိုင်းအချိန် ၂-၁ နဲ့ အံ့မခန်း နောက်ကျဂိုးတွေနဲ့ အနိုင်ယူကာ အင်္ဂလန်ပရိသတ်များစွာရဲ့ နှလုံးသားကို ကွဲကြေစေခဲ့ပါတယ်။

◾ အံ့ဖွယ် မက်ဆီရဲ့ နောက်ဆုံး ကခုန်ခြင်း (Last Dance) ဖြစ်လာမလား
ပြီးခဲ့တဲ့လတွေအတွင်း မက်ဆီ စိုက်ထူခဲ့တဲ့ စံချိန်အသစ်များစွာအပြင်၊ အသက် ၃၉ နှစ်အရွယ် လူကောင်သေးငယ်ပေမဲ့ ထက်မြက်တဲ့ တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားနေတဲ့ “အသက်အကြီးဆုံး ကွင်းလယ်/တိုက်စစ်ကစားသမား” အဖြစ် နောက်ထပ် စံချိန်တစ်ခု တိုးဖို့ ရှိနေပါတယ်။
ဒါဟာ သူ့ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်ပါတယ်။
အာဂျင်တီးနားလူမျိုးတွေက “လီယို” လို့ ချစ်စနိုးခေါ်ကြတဲ့ မက်ဆီဟာ သူ့ အနာဂတ်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံဆုအပါအဝင် ပြောင်မြောက်လှတဲ့ ကစားသမားသက်တမ်းနဲ့အတူ ဒီနှစ်ပြိုင်ပွဲဟာ သူ့အဖို့နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်ခြေရှိတဲ့အပြင် အထူးသဖြင့် ရှားပါးလှတဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရင် အနိုင်နဲ့ပိုင်းခွင့် ပို သေချာလာမှာဖြစ်ပါတယ်။
”သူက သမိုင်းကို ရေးထိုးခဲ့ပြီးပြီ။ သူက ဝါရင့်ဂန္ထဝင်တစ်ယောက်ပါ” လို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သူ မက်ဆီအပေါ် အာဂျင်တီးနား နည်းပြ လီယွန်နယ် စကာလိုနီ (Lionel Scaloni) က ပြောကြားခဲ့ပါတယ်။

◾ အာဂျင်တီးနားကို တိတ်ဆိတ်သွားစေဖို့ ပြင်ဆင်လာမယ့် ထက်မြက်တဲ့ စပိန်
မက်ဆီတစ်ဦးတည်းရဲ့ တစ်ဦးချင်း ခြေစွမ်းအပေါ် အဓိက အမှီပြုနေတဲ့ အာဂျင်တီးနားနဲ့ မတူဘဲ စပိန်အသင်းဟာ စုစည်းမှုအင်အားအပေါ် ခိုင်မာစွာ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပါတယ်။
”လာရိုဟာ” (La Roja) လို့ ခေါ်တဲ့ စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူထားပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်အရှိန်ကို နှိမ်နင်းရတာ သဘောကျပါတယ်။ ဒါ့အပြင် စနစ်ကျပြီး တောင့်တင်းတဲ့ ခံစစ်က ပွဲစဉ်တစ်လျှောက် ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပြီး ဗိုလ်လုပွဲဆီ တက်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် Clean Sheet (ပေးဂိုးမရှိပွဲ) ၆ ပွဲအထိ ရရှိထားကာ ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ အသင်းတစ်သင်းရဲ့ အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။
ဒီနေ့ညမှာ အာဂျင်တီးနားအသင်းဟာ “အနိုင်ယူရမယ့်အသင်း” လို့ စပိန်အသင်းခေါင်းဆောင် ရိုဒရီ (Rodri) က ကြုံးဝါးထားတဲ့အတိုင်း အာဂျင်တီးနားအသင်းအပေါ် စပိန်က ကြောက်ရွံ့စိတ်ထက် အနိုင်ရလိုတဲ့ ဆာလောင်မှုက ပိုမို ပြင်းပြနေမှာပါ။
◾ ဘယ်သူတွေ ဖျော်ဖြေမှာလဲ
ဒီဗိုလ်လုပွဲစဥ်မှာ နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်မယ့် ပိတ်ပွဲအခမ်းအနားကို ရှုစားရမယ့်အပြင် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲဝက်အနားယူချိန် ဖျော်ဖြေပွဲ (Halftime Show) ကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မက်ဒေါနား (Madonna)၊ ဂျက်စတင် ဘီဘာ (Justin Bieber)၊ ရှကီရာ (Shakira) နဲ့ ဘီတီအက်စ် (BTS) တို့က ဦးဆောင်ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ပို့စ် မာလုံး (Post Malone) က ပိတ်ပွဲအခမ်းအနားရဲ့ အဓိကအနုပညာရှင်အဖြစ် ဖျော်ဖြေမှာဖြစ်တဲ့အပြင် မင်းသား တွမ် ခရုစ် (Tom Cruise)၊ အဆိုတော် လော်ရာ ပါအူဆီနီ (Laura Pausini)၊ နီကိုးလ် ရှာဆင်းဂါး (Nicole Scherzinger)၊ ရော်ဘီ ဝီလျံစ် (Robbie Williams) နဲ့ အိုင်ရှိုးစပိဒ် (IShowSpeed) တို့လည်း ပါဝင်တင်ဆက်ကြမှာပါ။
ပွဲမစတင်မီ ဂျန်နီဖာ ဟတ်ဒ်ဆန် (Jennifer Hudson) က နိုင်ငံတော်သီချင်းကို သီဆိုဖျော်ဖြေမှာ ဖြစ်သလို ပွဲဝက်ဖျော်ဖြေပွဲမှာ အဆိုတော် ဘာနာ ဘွိုင်း (Burna Boy)၊ ဂီတအဖွဲ့ခေါင်းဆောင် ဂူစတာဗို ဒူဒါမယ်လ် (Gustavo Dudamel) နဲ့ နယူးယောက်၊ စတေတင်ကျွန်းရှိ ပြည်သူ့အစိုးရမူလတန်းကျောင်းက ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ချီးကျူးဂုဏ်ပြုခံထားရတဲ့ PS22 သီချင်းဆိုအဖွဲ့ (PS22 Chorus) တို့လည်း ပါဝင်ဖျော်ဖြေကြမှာ ဖြစ်တဲ့အပြင် ကိုးလ်ပလေး (Coldplay) အဖွဲ့ကလည်း ပါဝင်တင်ဆက်ဦးမှာပါ။
နယူးဂျာစီပြည်နယ်၊ အိစ်တ်ရူသာဖို့ဒ် (East Rutherford) ရှိ နယူးယောက် နယူးဂျာစီကွင်း (မက်လိုင်းဖ် အားကစားကွင်း) မှာ ကျင်းပမယ့် ဒီပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်လည်း တက်ရောက် ဂုဏ်ပြု ချီးမြှင့်လိမ့်မယ်လို့ ဆိုပါတယ်။

◾ စပိန်နဲ့ အာဂျင်တီးနား ပွဲကြိုခန့်မှန်းချက်များ
Opta Supercomputer တွက်ချက်မှုအရ စပိန်အသင်းဟာ မိနစ် ၉၀ အတွင်း အနိုင်ရရှိဖို့ ၄၅ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပြီး အာဂျင်တီးနားအသင်းက ပုံမှန်ပွဲချိန်အတွင်း အနိုင်ရဖို့ ၂၆ ရာခိုင်နှုန်းသာ ရှိပါတယ်။ ပွဲစဉ်ဟာ သရေကျသွားပြီး အချိန်ပို ဒါမှမဟုတ် ပင်နယ်တီအထိ ရောက်ရှိသွားဖို့က ၂၉ ရာခိုင်နှုန်း ရှိမယ် ခန့်မှန်းထားပါတယ်။
ခြုံငုံကြည့်မယ်ဆို စပိန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ၅၉ ဒသမ ၅၆ ရာခိုင်နှုန်း အခွင့်အရေးရှိပြီး အာဂျင်တီးနားအသင်းက ချန်ပီယံဆုကို ကာကွယ်ဖို့ ၄၀ ဒသမ ၄၄ ရာခိုင်နှုန်းသာ ရှိပါတယ်။
စပိန်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အခုတွေ့ဆုံမှုက ဒုတိယအကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး၊ ၁၉၆၆ ခုနှစ် အုပ်စုအဆင့် တွေ့ဆုံမှုမှာ အာဂျင်တီးနားက ၂-၁ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။
စုစုပေါင်းပွဲစဉ် ၁၄ ပွဲမှာ ၆ ပွဲစီအသီးသီးနိုင်ထားပြီး ၂ ပွဲသရေကျထားပါတယ်။ ခြေစွမ်းခြေစနဲ့ အစဥ်အလာမှာ အတူတူပဲဆိုပေမဲ့ ၂၀၁၈ မတ်လတုန်းက ခြေစမ်းပွဲမှာ အာဂျင်တီးနားက စပိန်ကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဖူးပါတယ်။
ခြုံကြည့်ရမယ်ဆို တစ်ဦးကောင်းမက်ဆီကို ပံ့ပိုးပေးမယ့် အာဂျင်တီးနားထက် ပါရမီရှင်ယာမားနဲ့ တစ်သင်းလုံးညီတဲ့ စပိန်က ဒီနေ့ပွဲမှာ အနိုင်ရသွားနိုင်ပါတယ်။ ဒါပေမဲ့ မမေ့သင့်တဲ့တစ်ချက်ကတော့ ဖီဖာနဲ့ ဒိုင်လူကြီးတွေဟာ မက်ဆီကို မျက်နှာသာပေးလို့ ဒီနေ့ပွဲမှာသာ အရင်ပွဲတွေကလို ဒိုင်ကူခဲ့ရင်တော့ အာဂျင်တီးနားဟာ ဒိုင်ကူတီးနားအဖြစ်နဲ့ ကမ္ဘာ့ဖလား နှစ်နစ်ဆက် ဗိုလ်စွဲသွားနိုင်ပါတယ်။
Ref: Al Jazeera & Fox Sport
