နေမိုး
၁၉. ၇ .၂၀၂၆
လက်နက်မဲ့ ရပ်ကျေးစာရေး အမျိုးသမီးကြီး တစ်ဦးကို NUG ဩဇာခံ PDF များက ဒလန်တံဆိပ်ကပ်ကာ ဖမ်းဆီးပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကံမမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်ဝေဝေ(၄၄)နှစ်သည် ကံမမြို့မှ ညောင်ပင်ကွင်းကျေးရွာသို့ ကံမ-ပြကြီးသွားကားလမ်းအတိုင်း ပြန်လာစဉ် ကဒူးပြင်ကျေးရွာအနီးအရောက်၌ PDF ငါးဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေလေးကျေးရွာရှိ လျှိုမြောင်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၅၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
