သက်တံ့
၁၅. ၇. ၂၀၂၆
အာဂျင်တီးနား အမျိုးသားဘောလုံးအသင်းသည် တရုတ်နိုင်ငံ၏ ရေဘေးဒဏ်သင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်အတူ တစ်သားတည်းရှိကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) က ထုတ်ဖော်ပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန် ကမ်းလှမ်းခဲ့သည်။
တရုတ်ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသော အာဂျင်တီးနားအမျိုးသားအသင်းက ၎င်းတို့အနေဖြင့် ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ရေဘူးများ၊ တဘက်များ၊ အဝတ်အထည်များနှင့် ကျောပိုးအိတ်များကဲ့သို့သော အထောက်အပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် မြောက်အမေရိကတွင် ကျင်းပလျက်ရှိသော ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၎င်းတို့အား အားပေးခဲ့ကြသည့် တရုတ်ပရိသတ်များကို ကျေးဇူးဆပ်လိုကြောင်းနှင့် အဆိုပါ လှူဒါန်းမှုများကို အမြန်ဆုံးပေးပို့နိုင်ရန်အတွက် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်က ရေကြီးရေလျှံမှု သတင်းတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ ကွမ်ရှီးပြည်နယ်မှာရှိတဲ့ အာဂျင်တီးနားပရိသတ်တွေအတွက် တစ်ခုခု ကူညီပေးနိုင်ဖို့ တကယ်ကို မျှော်လင့်ပါတယ်” ဟု အသင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကွမ်ရှီးဒေသသည် တိုင်ဖွန်းမုန်တိုင်း မေဆတ် (Maysak) ကြောင့် ၁၀ ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပြင်းထန်သော ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရသည်။ အဆိုပါ ရေဘေးကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးကာ ၉ ဦး ပျောက်ဆုံးနေပြီး ရေဘေးသင့်ပြည်သူ ၃၇၅,၀၀၀ ကျော်အနက် ၁၃၀,၀၀၀ ကျော်မှာ နေအိမ်များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။
ကွမ်ရှီးပြည်နယ်၏ အချို့နေရာများတွင် ရေပြန်ကျသွားပြီဖြစ်သဖြင့် အာဏာပိုင်များက အပျက်အစီးများကို ရှင်းလင်းခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အာဏာပိုင်များသည် ဟောင်းနွမ်းနေသော အခြေခံအဆောက်အအုံများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် စံချိန်တင် မိုးလေဝသအခြေအနေများက ပေးလာသော ခြိမ်းခြောက်မှုများကို အလေးထားအာရုံစိုက်လာကြသည်။
ကွမ်ကျိုးအခြေစိုက် Southern Weekly သတင်းစာက ရေဘေးစီမံခန့်ခွဲမှုဆိုင်ရာ သုတေသီတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရာတွင် ကွမ်ရှီးပြည်နယ်တစ်ဝန်းရှိ ရေလှောင်တမံအများအပြားသည် မူလဒီဇိုင်းအင်ဂျင်နီယာပိုင်း၏ ခံနိုင်ရည်ကန့်သတ်ချက်များကို ကျော်လွန်စေခဲ့သည့် ပြင်းထန်ပြီး အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားသည်။
ယခုရေဘေးတွင် လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ဒေသဆိုင်ရာမြို့တော် နန်နင်းအနီး ဟန်ကျိုး (Hengzhou) ရှိ ရေလှောင်တမံပြိုကျမှု ဖြစ်သည်။
တရားဝင်သတင်းထုတ်ပြန်ချက်များအရ ၁၉၆၀ ပြည့်နှစ်က တည်ဆောက်ခဲ့သော လျူလန် (Liulan) ရေလှောင်တမံ၏ အစိတ်အပိုင်းနှစ်ခုသည် ဇူလိုင် ၆ ရက်တွင် ပြိုကျခဲ့သဖြင့် လူ ၂၆ ဦး သေဆုံးကာ ၇ ဦး ပျောက်ဆုံးခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံပိုင်ရုပ်သံလိုင်း CCTV နှင့် အင်တာဗျူးရာတွင် ရေအရင်းအမြစ်ဆိုင်ရာ အရာရှိ လျူကျားဟုန် (Liu Jiahong) က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကြောင့် အချိန်တိုအတွင်း ပြင်းထန်စွာ မိုးရွာသွန်းမှုများသည် ပိုမိုမကြာခဏဖြစ်ပွားလာပြီး ဖျက်အား ပိုမိုပြင်းထန်လာကြောင်း ပြောကြားခဲ့သည်။
ထိုသို့သောအခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်သော ရေကြီးမှုများကို ခံနိုင်ရည်ရှိစေရန် သက်တမ်းရင့်ရေလှောင်တမံများကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း တရုတ်ရေအရင်းအမြစ်နှင့် ရေအားလျှပ်စစ်သုတေသနဌာန၏ ရေအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးလည်းဖြစ်သူ လျူက ပြောကြားခဲ့သည်။
Southern Weekly မှ ကိုးကားဖော်ပြခဲ့သည့် သုတေသီကလည်း ကွမ်ရှီးပြည်နယ်အပြင် နိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စား ရေလှောင်တမံအများအပြားသည် သက်တမ်းရင့်နေပြီဖြစ်ပြီး သတ်မှတ်သက်တမ်းထက် ကျော်လွန်လည်ပတ်နေသဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအောက်တွင် ရေဘေးဒဏ်ကို အလွန်ခံရလွယ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် အဆိုပါ ရေလှောင်တမံများ၏ ရေကြီးမှုထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ပျက်စီးနေသော သို့မဟုတ် အန္တရာယ်ရှိသော အဆောက်အအုံများကို အားဖြည့်ပြင်ဆင်ရန်မှာ အရေးကြီးလှသည်။
တစ်ချိန်တည်းမှာပင် တိုင်ဖွန်းမုန်တိုင်းအဆင့်မှ လျော့ကျသွားသော်လည်း တရုတ်မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည့် ဘာဗီ (Bavi) မုန်တိုင်းကြောင့် လျောင်နင်းပြည်နယ်တွင် လူပေါင်း ၃၆၀,၀၀၀ ကျော် အရေးပေါ်ခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း CCTV က ဖော်ပြသည်။
ပြည်နယ်မြို့တော် ရှန်ယန် (Shenyang) တွင် တနင်္လာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် အရေးပေါ်အစီအမံများကို ချမှတ်ခဲ့ရသည်။ မြို့တွင်းရှိ အဓိကလမ်းမကြီးအချို့တွင် ရေအနက် ၃၀၀ မီလီမီတာ (၁၁ ဒသမ ၈ လက်မခန့်) အထိ ရှိခဲ့သည်။
ကျောင်းများ၊ ပြင်ပလှုပ်ရှားမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ဆိုင်းငံ့ထားပြီး မြို့တော်အာဏာပိုင်များက ပြည်သူများအား အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် မလိုအပ်ဘဲ ခရီးမသွားကြရန် တိုက်တွန်းထားသည်။
အင်္ဂါနေ့နံနက်ပိုင်းတွင် မြို့တော်အစိုးရက မြေအောက်ရထားဝင်ပေါက် အများအပြားကို ပိတ်ထားရန်နှင့် မြေအောက်ရထားလိုင်း ၃ လိုင်းလုံးကို ယာယီရပ်ဆိုင်းထားရန် ကြေညာခဲ့သည်။
အင်္ဂါနေ့ နံနက် ၇ နာရီခန့်တွင် ရှန်ယန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုအတွက် အမြင့်ဆုံးအဆင့်ဖြစ်သော အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ လာမည့် ၆ နာရီမှ ၈ နာရီအတွင်း အချို့မြို့နယ်များတွင် မိုးရေချိန် ၅၀ မီလီမီတာမှ ၁၀၀ မီလီမီတာအထိ ထပ်မံရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။
အချို့ဒေသများတွင် စုစုပေါင်းမိုးရေချိန် ၄၅၀ မီလီမီတာကျော်အထိ ရှိနိုင်သဖြင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားနိုင်ခြေ မြင့်မားနေသည်။
ဒါလျံ (Dalian) မြို့အောက်ရှိ ဒေသအများအပြားတွင် ရေဘေးထိန်းချုပ်ရေးအတွက် အရေးပေါ်တုံ့ပြန်မှုများကို စတင်လုပ်ဆောင်နေပြီးရေကြောင်းအာဏာပိုင်များကလည်း မြို့ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းများကို သတိပေးထားသည်။ ထို့ကြောင့် ဒါလျံမြို့သည် တောင်တန်း၊ မြစ်နှင့် ပင်လယ်အနီးရှိ လည်ပတ်စရာနေရာ ၄၁ ခုကို အင်္ဂါနေ့တွင် ပိတ်ပစ်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုသည် နိုင်ငံ၏ အနောက်မြောက်ပိုင်းဒေသများသို့လည်း သက်ရောက်ခဲ့ပြီး ကန်းစု (Gansu) ပြည်နယ် ရှဟေ (Xiahe) ခရိုင်ရှိ ဒေသခံ ၈,၀၀၀ ကျော်ကို နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသလို နင်ရှမွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း အချို့နေရာများအတွက် ရေဘေးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုများကို စတင်ခဲ့သည်။
Ref : SCMP




