၁၅.၇.၂၀၂၇
Written by Linn Eain
၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့်နေ့တွင် ရန်ကုန်မြို့ရှိ လမ်းအချို့အား ယာယီပိတ်ထားမည်ဖြစ်၍ လမ်းလွှဲများမှ မောင်းနှင်သွားလာနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးစီးသည့် အချိန်အထိ လမ်းပိတ်/လမ်းလွှဲများ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ – ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်း အထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ – ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ နတ်မောက်လမ်းကို ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ အတွင်းဝန်ရုံးတွင် အလံတင်အခမ်းအနားကျင်းပမည့် ဇူလိုင် ၁၉ ရက်၊ နံနက် ၅ နာရီမှ ညနေ ၆ နာရိအထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနား ကျင်းပစဉ် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်နေသည့်အချိန်များတွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြရန် ကြိုတင်အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
