၁၅.၇.၂၀၂၆
Written by Linn Eain
အောင်မြေသာစံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ယူနစ်သုံးသိန်းခွဲကျော် ခိုးယူသုံးစွဲသည့် ရေသန့်ရေခဲစက်လုပ်ငန်းရှင်အား အမှုဖွင့်အရေးယူထားပြီး ငွေကျပ် ၁၈၁ သန်းကျော် ပေးဆောင်စေရန် ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာအဆင့် ဦးစီးစစ်ဆေးရေးအဖွဲ့များသည် ဇွန် ၂၆ ရက်က ခရိုင်နှင့် မြို့နယ်များတွင် စက်မှုလုပ်ငန်းများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် စာသင်ကျောင်းများရှိ လျှပ်စစ်မီတာ စုစုပေါင်း ၁၀၁၈ လုံးကို စစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးမှုကြောင့် အောင်မြေသာစံမြို့နယ်ရှိ အဆိုပါ ရေသန့်ရေခဲစက်လုပ်ငန်း၏ စီတီမီတာတွင် ချွတ်ယွင်းချက်နှင့် Seal များ ပျက်ယွင်းနေသည်ကိုတွေ့ရှိခဲ့ပြီး မီတာအတွင်း C Phase CT ကို Bypass ပြုလုပ်၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာကို ဖြုတ်သိမ်းကာ ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အား ယူနစ် ၃၆၂၇၄၀ ဆုံးရှုံးခဲ့ရပြီး နစ်နာကြေးနှင့် ဓာတ်အားခအဖြစ် ငွေကျပ် ၁၈၁ ဒသမ ၃၇ သန်း ပေးဆောင်စေရန် ဆောင်ရွက်ထားပြီး လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို နိုင်ငံတစ်ဝန်း ဆက်လက်စစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တွေ့ရှိပါက သတင်းပေးပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
