သက်တံ့
၁၃. ၇. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ဗာဗီ (Bavi) နှင့် အားကောင်းလာသည့် အနောက်တောင်မုတ်သုံလေတို့၏ ပူးတွဲသက်ရောက်မှုများကြောင့် သေဆုံးသူဦးရေသည် ၁၈ ဦးအထိ မြင့်တက်လာပြီး လူ ၁၂ ဦး ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် အရပ်ဘက်ကာကွယ်ရေးရုံး (OCD) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆိုးရွားလှသည့် ရာသီဥတုဘေးဒဏ်ကြောင့် လူဇုန် (Luzon)၊ ဗီဆာယာ (Visayas) နှင့် မင်ဒါနာအို (Mindanao) ဒေသတစ်ဝှမ်းရှိ မုန်တိုင်းဒဏ်သင့်ဧရိယာများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိသားစုပေါင်း ၁၂၃,၀၀၀ ကျော် (လူဦးရေ ၅၆၂,၀၀၀ ခန့်) ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ လတ်တလောတွင် မိသားစုပေါင်း ၄,၂၀၀ ခန့် (လူဦးရေ ၁၆,၂၀၀ ဝန်းကျင်) သည် ကယ်ဆယ်ရေးစခန်း ပေါင်း ၁၁၆ ခုတွင် ခိုလှုံနေကြရပြီး ဒေသန္တရအစိုးရအဖွဲ့များက နေရပ်စွန့်ခွာရသူများကို စောင့်ရှောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။

သေဆုံး၊ ဒဏ်ရာရမှုနှင့် ပတ်သက်၍ လူ ၁၈ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း အစီရင်ခံစာများကို သက်ဆိုင်ရာက အတည်ပြုနိုင်ရန် စိစစ်လျက်ရှိသည်။ သေဆုံးသူများအနက် ဆာရန်ဂါနီ (Sarangani) ပြည်နယ် မာလာပါတန်တွင် ၁၀ ဦး၊ လာနောင်းဒယ်ဆူးလ် (Lanao del Sur) ပြည်နယ် ကာလာနိုဂတ်စ်တွင် ၆ ဦးနှင့် ဘူကစ်နွန် (Bukidnon) တွင် ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး အများစုမှာ မြေပြိုခြင်းနှင့် ရေနစ်ခြင်းတို့ကြောင့် ဖြစ်သည်။ ပျောက်ဆုံးနေသူ ၁၂ ဦးတွင် ဟိုဆေးအာဘတ်ဆန်းတို့စ် (Jose Abad Santos) မှ ၇ ဦးနှင့် ကာလာနိုဂတ်စ်မှ ၅ ဦး ပါဝင်ကြောင်း သိရသည်။
ဖိလစ်ပိုင် လေထု၊ ဘူမိဗေဒနှင့် နက္ခတ္တဗေဒဝန်ဆောင်မှုများ စီမံခန့်ခွဲရေးဦးစီးဌာန (PAGASA) ၏ ထုတ်ပြန်ချက်အရ တိုင်ဖုန်းမုန်တိုင်း ဗာဗီသည် အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းလာစေခဲ့ပြီး ဒေသအတော်များများတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်များကို မြင့်တက်စေနိုင်ကြောင်း သတိပေးထားသည်။
လက်ရှိတွင် ဖိလစ်ပိုင်အစိုးရက ဘေးသင့်မိသားစုများအတွက် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် ဖိလစ်ပိုင်ပီဆို ၂၈ ဒသမ ၅၇ သန်း (အမေရိကန်ဒေါ်လာ ၅ သိန်းခွဲခန့်) ဖိုး ဖြန့်ဝေပေးထားပြီး ဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်တပ်မတော်၊ အမျိုးသားရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာနေရာများသို့ စေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်လှိုင်းလေ ကြမ်းတမ်းမှုကြောင့် ဆိပ်ကမ်းများတွင် ခရီးသည် ရာနှင့်ချီ၍ သောင်တင်နေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားထားပြီး မုတ်သုံလေကြောင့် မိုးဆက်လက်ရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားသည်။
တိုင်ဖုန်းမုန်တိုင်း ဗာဗီသည် ဇူလိုင်လ ဒုတိယပတ်အစပိုင်းမှ စတင်၍ ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း အားကောင်းလာကာ ဖိလစ်ပိုင်နိုင်ငံသို့ စတင်သက်ရောက်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းသည် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့) သို့မဟုတ် ၁၅ ရက် (ဗုဒ္ဓဟူးနေ့) ဝန်းကျင်တွင် ဖိလစ်ပိုင်သို့ သက်ရောက်သည့် မုန်တိုင်းစောင့်ကြည့်ရေးနယ်မြေ (PAR) အတွင်းမှ စတင်ထွက်ခွာကာ အားပျော့ပျက်ပြယ်သွားခြင်း သို့မဟုတ် အခြားနိုင်ငံများဘက်သို့ ဦးတည်ရွေ့လျားသွားခြင်းများ ဖြစ်လာနိုင်ကြောင်း ရာသီဥတုခန့်မှန်းချက်များအရ သိရသည်။
Ref: Xinhua, The Manilar Times
