၁၃.၇.၂၀၂၆
Written by Linn Eain
စားအုန်းဆီများ ဝယ်ယူရရှိထားပြီး အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ အသိပေးထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်ပြီး ပြည်တွင်း၌ စားသုံးဆီပိုမိုတိုးမြှင့်ထုတ်လုပ်၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံ ဖြန့်ဖြူးရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းအပေါ် မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ် အခြေခံလျာထားပြီး လျာထားသည့်အတိုင်း အပြည့်အဝရောက်ရှိစေရေး အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စားသုံးသူပြည်သူများထံ အပြည့်အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင်ဖွဲ့စည်းထားသည့် စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။
ထို့ပြင် စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ် အခြေခံစိစစ်တွက်ချက်ပြီး ဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအစရှိသည့် လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံးများအတွက်လိုအပ်သည့် စားအုန်းဆီ ထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ ဆောင်ရွက်ပေးနေကြောင်း အဆိုပါဦးစီးဌာန၏ ကြေညာချက်အရ သိရသည်။
ဆက်လက်၍ ဝယ်ယူရရှိထားသည့် စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့် ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပြီး စားသုံးသူပြည်သူများထံ အပြည့်အဝရောက်ရှိစေရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအစရှိသည့် လုပ်ငန်းရှင်များထံ အပြည့်အဝ ရောက်ရှိစေရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမှန်တကယ်လိုအပ်သည့်အရေအတွက်ကိုသာ လျှောက်ထားဝယ်ယူအသုံးပြုရန် လိုအပ်ပါကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးကလည်း နိုင်ငံတော်အနေဖြင့် စားအုန်းဆီဖူလုံရေး အလေးထားဆောင်ရွက်နေပြီး စားအုန်းဆီလိုအပ်ချက်မပြတ်စေရေးနှင့် စျေးကွက်တည်ငြိမ်ရေး နိုင်ငံခြားငွေအခြေအနေကို ချင့်ချိန်၍ ဆက်တိုက်တင်သွင်းနေကြောင်း ဇူလိုင် ၁၁ ရက်က စားအုန်းဆီတင်သွင်း သုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားထားသည်။
လက်တလော ပြည်သူများ စားအုန်းဆီတစ်ပိဿာလျှင် ဈေးကွက်ပေါက်ဈေး ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးဝယ်နေရခြင်းသည် ဝိသမလောဘသားများကြောင့်ဖြစ်ပြီး ယင်းကိစ္စများကို စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားထားသည်။
