◾ ငလျင်ပြန်လည်ထူထောင်ရေး အသုံးပြုရန် ဗင်နီဇွဲလား၏ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် ဗင်နီဇွဲလားအစိုးရက အင်္ဂလန်ဘဏ်ကို တောင်းဆို
၁၃.၇.၂၀၂၆
Translated by Htwe Ko Tun
ဗင်နီဇွဲလားမြို့တော် ကာရာကာ့စ်နှင့် ကမ်းရိုးတန်းပြည်နယ် လာဂွေရာတို့တွင် ဇွန်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအားမဂ္ဂနီကျူ့ ၇ ဒသမ ၂ နှင့် မဂ္ဂနီကျူ့ ၇ ဒသမ ၅ ရှိသော ငလျင်များကြောင့် တရားဝင်သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေချိန်တွင် အာဏာပိုင်များအနေဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ထောင်ပေါင်းများစွာသော ပြည်သူများကို ပြန်လည်၍ နေရာထိုင်ခင်းပေးနိုင်ရန် ယာယီအိမ်ရာများ တည်ထောင်ရန် စီစဉ်နေကြရကြောင်း သိရသည်။
ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၂ ရက်တွင် အနည်းဆုံး ၄,၄၉၀ ဦးအထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အဆောက်အဦ ၈၅၀ ကျော်မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီး (သို့မဟုတ်) လုံးဝပြိုကျ ပျက်စီးခဲ့ရရာ လူပေါင်း ၁၉,၀၀၀ ကျော်သည် အားကစားကွင်းများ၊ ကျောင်းများ သို့မဟုတ် ရင်ပြင်များ သို့မဟုတ် လူသွားလမ်းများပေါ်တွင် ဆောက်လုပ်ထားသော ယာယီစခန်းများ၌ အဓမ္မ နေထိုင်ရလျက်ရှိသည်။
ထို့ကြောင့်အာဏာပိုင်များက ပြီးခဲ့သည့်လက ငလျင်ကြီးများကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသော မိသားစုများအတွက် ယာယီအိမ်ရာများ တည်ထောင်ရန် စီစဉ်နေကြောင်း ကြေညာချက်ကို ဇူလိုင်လ ၁၁ ရက်တွင် ဗင်နီဇွဲလားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ဂ်ျ ရိုဒရီဂွက်ဇ်က ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် စက်တင်ဘာလတွင် ပညာသင်နှစ်သစ်စတင်သည်နှင့် ကျောင်းများမှ ဒုက္ခသည်စခန်းများကို ရွှေ့ပြောင်းပေးရမည်ဖြစ်ရာ အစိုးရ၏ ကနဦးခန့်မှန်းချက်အရ လူနေအိမ် ၂၅,၀၀၀ ခန့် လိုအပ်မည်ဟု ဖော်ပြထားသည်။
အစိုးရအနေဖြင့် လာဂွေရာပြည်နယ်တွင် စတုရန်းမီတာ ၅၈၄,၀၀၀ ခန့်ရှိသော မြေကွက် ၄၀ ကျော်ကို အိမ်သစ်များဆောက်လုပ်ရန်အတွက် ခွဲဝေပေးထားကြောင်း ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။
သို့သော် ပြန်လည်တည်ဆောက်ရေးအတွက်သာမက ငှားရမ်းခြင်းအကူအညီနှင့် အိမ်ခြံမြေဝယ်ယူမှု ချေးငွေများအတွက်ပါများပြားသောငွေကြေးအရင်းအမြစ်များ လိုအပ်မည်ဟု ၎င်းက သတိပေးခဲ့သည်။
ဤရည်ရွယ်ချက်အတွက် ကြားဖြတ် သမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က အင်္ဂလန်ဘဏ်အား ဗင်နီဇွဲလားပိုင် ရွှေများကို ပြန်လည်ထုတ်ပေးရန် ယခုအပတ်တွင် တရားဝင်တောင်းဆိုခဲ့သည်။
ကြားဖြတ် သမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က “ဒီရွှေတွေက ဗင်နီဇွဲလားပြည်သူများပိုင်ဖြစ်ပြီး အခုအခါ သူတို့ လိုအပ်တာတွေကိုဖြည့်ဆည်းပေးဖို့ အသုံးပြုသင့်တယ်” ဟု သူမက ပြောကြားခဲ့ပြီး ထိန်းသိမ်းထားသော ငွေကြေးအရင်းအမြစ်များကို အရေးပေါ်အသုံးပြုရန်အတွက် ထုတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို တောင်းဆိုခဲ့သည်။
အင်္ဂလန်ဘဏ်က ဗင်နီဇွဲလားပိုင်ရွှေ ၃၁ တန်ခန့်ကိုလန်ဒန်ရှိ ၎င်း၏ဘဏ္ဍာတိုက်များတွင် ထိန်းသိမ်းထားရာ ဒေါ်လာ နှစ်ဘီလျံ ခန့်တန်ဖိုးရှိကြောင်း သိရသည်။ နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ဗင်နီဇွဲလား၏ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးမှုကို နှစ်ပေါင်းများစွာ ရပ်ဆိုင်းထားခဲ့ပြီး ဗင်နီဇွဲလား၏ ယာယီခေါင်းဆောင်ပိုင်းက မကြာသေးမီက ငလျင်ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေထောက်ပံ့ရန် အဆိုပါရွှေများကို ပြန်ထုတ်ပေးရန် ချားလ်စ်ဘုရင်အား တရားဝင်တောင်းဆိုခဲ့သည်။
အနောက်နိုင်ငံများရှိ မိမိတို့၏အချုပ်အခြာအာဏာပိုင် ပစ္စည်းဥစ္စာများကို ထိန်းသိမ်းခံထားရခြင်းကြောင့် အသုံးမပြုနိုင်ခြင်းမှာ ဗင်နီဇွဲလားတစ်နိုင်ငံတည်းသာ မဟုတ်ဘဲ ပထဝီနိုင်ငံရေးအခြေအနေများ မငြိမ်မသက်ဖြစ်နေသော နိုင်ငံအများအပြားပင် ယခုအခါကြုံတွေ့နေရသည်။ ထိုကိစ္စက ပိုမိုအငြင်းပွားဖွယ်ရာဖြစ်လာနေပြီး နိုင်ငံအများအပြားက ၎င်းတို့၏ ပြည်ပပိုင်ဆိုင်မှုများကို နေရပ်ပြန်ပို့ရန် ကြိုးပမ်းနေကြကြောင်းလည်းသိရသည်။
Ref -DW News, The Guardian
