သက်တံ့
၁၂. ၇. ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအမှုအခင်းများဖြင့် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးရေးကဲ့သို့သော အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် (5PC) ငြိမ်းချမ်းရေးအစီအစဉ်အပေါ် မြန်မာနိုင်ငံဘက်က လက်တွေ့ပြသနိုင်သည့် တိုးတက်မှုမျိုးကို မြင်တွေ့လိုကြောင်း အာဆီယံက မျှော်လင့်ထားသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“အရေးကြီးဆုံးအချက်ကတော့ ဘုံသဘောတူညီချက် ငါးချက်ရဲ့ အဓိကကျတဲ့ အရေးပါမှုကို ကျွန်တော်တို့အားလုံးက ထပ်လောင်းအတည်ပြုခဲ့ကြတာပါပဲ။ ဒါဟာ အရင်ကလည်း အတည်ဖြစ်ခဲ့သလို အခုလည်း အတည်ဖြစ်နေဆဲပါ။ နောက်ထပ်အချက်ကတော့ ကျွန်တော်တို့အားလုံး လက်တွေ့ပြသနိုင်တဲ့ တိုးတက်မှုမျိုးကို မြင်ချင်ကြတာပါ” ဟု ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား အလွတ်သဘော အစည်းအဝေးအပြီးတွင် ဘာလာခရစ်ရှနန်က စင်ကာပူမီဒီယာများသို့ ပြောကြားခဲ့သည်။
ဘာလာခရစ်ရှနန်၏ ယခုတက်ရောက်မှုသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာ့ထိပ်တန်း သံတမန်တို့အကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် တက်ရောက်သည့် တွေ့ဆုံမှုဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အပြီးတိုင် ရပ်တန့်သွားသည်ကို မြင်တွေ့လိုကြောင်းနှင့် မြန်မာအစိုးရ ထိန်းချုပ်မထားသည့် ဒေသများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဆီယံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လိုလားနေကြောင်းလည်း ဘာလာခရစ်ရှနန်က ထည့်သွင်းပြောကြားခဲ့ပြီး ယင်းအချက်များသည် ငြိမ်းချမ်းရေးအစီအစဉ်တွင် ဖော်ပြထားသည့် အချက်များဖြစ်သည်။
“လာမယ့် လအနည်းငယ်အတွင်းမှာ တုံ့ပြန်မှုအချို့နဲ့ တိုးတက်မှုအချို့ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ကြစို့” ဟု ၎င်းက ဆက်ပြောသည်။
ဇူလိုင် ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး၊ ငြိမ်းချမ်း၊ တည်ငြိမ်ကာ သာယာဝပြောသော မြန်မာနိုင်ငံကို မြင်တွေ့ရရန် စင်ကာပူက မျှော်လင့်သည်” ဟု ဖော်ပြထားသလို“အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အကန့်အသတ်သာရှိနေခြင်းအပေါ် စင်ကာပူအနေဖြင့် စိတ်ပျက်မိပြီး၊ အကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ၏ အဓိကသက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အရေးကြီးကြောင်း အလေးအနက် ပြောကြားလိုသည်” ဟုလည်း ပါရှိသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများကလည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်လက်ပတ်သက် ဆောင်ရွက်မည့် နောက်ထပ်ခြေလှမ်းများကို မစဉ်းစားမီ၊ မြန်မာနိုင်ငံဘက်က ငြိမ်းချမ်းရေးအစီအစဉ်အပေါ် တိုးတက်မှုများ ပြသရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ထောင်ဒဏ်ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် “ကျန်းမာရေးကောင်းမွန်” လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း ရရှိနေကြောင်း ပြောကြားခဲ့သည်။
“သူ (မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ) ပြောသွားတဲ့ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးဆွေမျိုးတစ်ယောက်၊ ညီမတစ်ယောက်လို ဖြစ်တာကြောင့် ကျွန်တော်တို့ ကောင်းကောင်းစောင့်ရှောက်ထားပါမယ် ဆိုတဲ့ သဘောမျိုးပါ” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ မှတ်ချက်များကို ရည်ညွှန်းပြီး လာဇာရိုက ပြောသည်။
အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သို့မဟုတ် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။ သို့သော် မကြာသေးမီက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တွေ့ဆုံခွင့်တောင်းခံမှုကို အပါအဝင် ယင်းတောင်းဆိုမှုများကို လျစ်လျူရှုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင် ၁၂ ရက် အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် ပြန်လည်ပတ်သက် ဆောင်ရွက်ခြင်း၏ ကနဦးခြေလှမ်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအစီအစဉ်သည် အာဆီယံအတွက် အဓိကရည်ညွှန်းချက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုရင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအန်ကတ်ကောင်းက “အဆုံးသတ်မှာတော့ ကျွန်တော်တို့ ဆက်စပ်ဆောင်ရွက်ရမှာဖြစ်ပြီး ဆွေးနွေးပွဲတွေ လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို စွန့်လွှတ်မှာမဟုတ်ပါဘူး” ဟု ပြောသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်သူ လာဇာရိုက ယခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်တစ်ခုကို ဦးဆောင်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ယနေ့အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော်လည်း မလေးရှားနိုင်ငံက အဆင့်မြင့်အရာရှိတစ်ဦးကိုသာ စေလွှတ်ကိုယ်စားပြုစေခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံကမူ မည်သူ့ကိုမျှ စေလွှတ်ခြင်းမရှိခဲ့ပေ။

နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံဘက်က အပြုသဘောဆောင်သည့် တိုးတက်မှုများ ပြသရန်အတွက် အာဆီယံက မည်သည့်နောက်ဆုံးရက်ကိုမျှ သတ်မှတ်ထားခြင်း မရှိပေ။ သို့သော် နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ မနီလာမြို့တွင် တရားဝင် ပြန်လည်တွေ့ဆုံကြသည့်အခါ ဇူလိုင် ၁၂ ရက် ဆွေးနွေးပွဲများကို ဆက်လက်အကောင်အထည်ဖော်ဖွယ် ရှိသည်။
သို့ရာတွင် မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များကမူ ဇူလိုင် ၉ ရက် အဆိုတစ်ခုတွင် ယင်းငြိမ်းချမ်းရေးမူငါးချက်အစီအစဉ်တစ်ခုလုံးကို အကျုံးမဝင်ဟုဆိုကာ လုံးဝပယ်ချခဲ့ကြသည်။
“အနည်းဆုံးတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံမူငါးချက်ကို ပယ်ချတာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး၊ တကယ်လို့ သူတို့ ပယ်ချခဲ့ရင် အကျိုးဆက်တွေ ရှိလာသင့်ပါတယ်” ဟု သမ္မဆက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဖူအာဒီ ပစ်ဆူဝန် (Fuadi Pitsuwan) က ပြောသည်။
အခြားသော စောင့်ကြည့်လေ့လာသူများကမူ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ထည့်သွင်းထားခြင်းသည် အာဆီယံအနေဖြင့် အလျှော့ပေးလိုက်လျောခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ရှိထားသည့် အနည်းငယ်မျှသော အသာစီးရမှုကို သိသိသာသာ လျော့ပါးသွားစေကြောင်း ယူဆကြသည်။
“အာဆီယံဟာ ၎င်းတို့ရဲ့ နိုင်ငံရေးအရ ပိတ်ဆို့မှုတွေဟာ လိုက်လျောညီထွေဖြစ်နိုင်ပြီး၊ ၎င်းတို့ရဲ့ စည်းမျဥ်းတွေဟာလည်း ချိုးဖောက်လို့ရတယ်ဆိုတဲ့ အချက်ပြမှုကို ပြသလိုက်တာပဲဖြစ်ပါတယ်” ဟု အာဆီယံမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ယုယွန် ဝါဟ်ယူနင်းရွန် (Yuyun Wahyuningrum) က ပြောသည်။
အာဆီယံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်လာခြင်းသည် ယခုအခါ လမ်းစဖြစ်သွားပြီး၊ တရားဝင် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုကို ပိုမိုမြန်ဆန်လာစေကာ ဦးမင်းအောင်လှိုင်အနေဖြင့် ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်ရန် လမ်းပွင့်သွားမည်ကို အများစုက စိုးရိမ်နေကြသည်။
“သံတမန်ရေးအရ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ဆိုတာ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ဖြစ်ခဲပါတယ်။ အဲဒါဟာ တစ်စစနဲ့ အသစ်ဖြစ်လာမယ့် စည်းမျဉ်းအဖြစ် ပြောင်းလဲသွားတဲ့ ခြွင်းချက်တွေ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကနေ တိုးတက်လာတာမျိုးပါ” ဟု လွတ်လပ်သော မြန်မာ့အရေးလေ့လာသုံးသပ်သူ ကိုဖြိုးဝင်းလတ်က ပြောသည်။
လာဇာရိုကမူ ငါးနှစ်ကြာ ချန်လှပ်ထားပြီးနောက် မြန်မာဝန်ကြီးကို ဆွေးနွေးပွဲများတွင် ထည့်သွင်းရန် အရေးကြီးကြောင်း ခုခံပြောဆိုခဲ့သည်။ “ဒါဟာ တစ်ချက်တည်းနဲ့ လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဒါဟာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာဖြစ်ပြီး ဒီလို ဆက်စပ်ဆောင်ရွက်မှုတွေ အားလုံးဟာ အလွန်အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုနည်းတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ အခြားသော သက်ဆိုင်သူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ တစ်ဖက်သတ်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မျှတမှုရှိစေချင်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: Straits Times
