




၁.၇.၂၀၂၆
Written by Linn Eain
ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်ဖြင့် စတင်ပြေးဆွဲခြင်း
ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ ရန်ကုန်ဘူတာကြီးတွင် ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်အတွက် အမှတ် (၈၃)အဆန် ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ခေတ်မီ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများသည် ရန်ကုန် – မော်လမြိုင် ခရီးစဉ်အဖြစ် စတင်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စတင်ထွက်ခွာမည့် ရထားစက်ခေါင်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရထားပေါ်တွင် လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
DEMU ရထားဖြင့် စတင်ပြေးဆွဲမည့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်အတွက် ရွေးချယ်ဝယ်ယူနိုင်သော ရထားအမျိုးအစားအလိုက် အချိန်စာရင်းနှင့် ဈေးနှုန်းများမှာ ခရီးစဉ် မြန်မြန်ဆန်ဆန်သွားလိုသူများအတွက် DEMU ရထားခရီးစဉ်အနေဖြင့် အမှတ် (၈၃) အဆန် (ရန်ကုန်မှ မော်လမြိုင်) နံနက် ၅ နာရီတွင် ထွက်ခွာပြီး နေ့လယ် ၁၁ နာရီတွင် ဆိုက်ရောက်မည့်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် (မော်လမြိုင်မှ ရန်ကုန်) နေ့လယ် ၁၂ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၆ နာရီတွင် ဆိုက်ရောက်မည့်ခရီးစဉ်တို့ကို သတ်မှတ်ထားကာ လက်မှတ်ဈေးနှုန်းများမှာ ပထမတန်း – ၁၆၀၀၀ ကျပ်၊ အထက်တန်း – ၂၀၀၀၀ ကျပ်တို့ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
DEMU ရထားခရီးစဉ်အနေဖြင့် ရပ်တန့်မည့် ကြားဘူတာများမှာ ရန်ကုန် – တိုးကြောင်ကလေး – ပဲခူး – သိမ်ဇရပ် -ကျိုက်ထို – သထုံ – ပေါင် – မော်လမြိုင်ဘူတာတို့ဖြစ်ကြသည်။
ဆက်လက်ပြီး သက်သောင့်သက်သာစွာဖြင့် ရှုခင်းခံစားလိုသူများအတွက် AirBag/ AAR (လူစီးအမြန်) ရထားခရီးစဉ်အနေဖြင့် အမှတ် (၈၁) အဆန် (ရန်ကုန် မှ မော်လမြိုင်) နံနက် ၇ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်မည့်ခရီးစဉ်နှင့် အမှတ် (၈၂) အစုန် (မော်လမြိုင်မှ ရန်ကုန်) နံနက် ၇ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၄ နာရီတွင် ဆိုက်ရောက်မည့် ခရီးစဉ်တို့ကို သတ်မှတ်ထားကာ လက်မှတ်ဈေးနှုန်းများမှာ ရိုးရိုးတန်း – ၈၀၀၀ ကျပ်/ ၇၀၀၀ ကျပ်နှင့် အထက်တန်း – ၁၃၀၀၀/ ၁၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
AirBag/ AAR (လူစီးအမြန်) ရထားခရီးစဉ်အနေဖြင့်ရပ်တန့်မည့် ကြားဘူတာများမှာ ရန်ကုန် – တိုးကြောင်ကလေး – ပဲခူး – ဝေါ – သိမ်ဇရပ် -မုပ္ပလင် – ကျိုက္ကသာ – ကျိုက်ထို – မရမ်းကုန်း -တောင်စွန်း – နှင်းပုလဲ – သိမ်ဆိပ် – သထုံ – ရင်းငြိမ် -ဇင်းကျိုက် – ပေါင် – မုတ္တမ – မော်လမြိုင်ဘူတာတို့ ဖြစ်ကြသည်။
ရထားလက်မှတ်များကို ORTP Website နှင့် သက်ဆိုင်ရာ ဘူတာကြီးများတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
