နေမိုး
၁. ၇. ၂၀၂၆
လက်နက်မဲ့ အထက်တန်းကျောင်းသန့်ရှင်းရေးအကူအမျိုးသမီးငယ်ကို PDF ခြောက်ဦးက ဖမ်းဆီးသွားပြီး ဘုရားကုန်းအနီးတွင် ဓားများဖြင့် ဝိုင်းဝန်းခုတ်သတ်မှု မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၈ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မကျည်းကုန်းကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ(လက်စွေ့)မှ သန့်ရှင်းရေးအကူဖြစ်သူ မခင်သိန်းကြွယ်(၂၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ညောင်ကန်ကျေးရွာရှိ ဘုရားကုန်းအနီးအရောက် ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် မခင်သိန်းကြွယ်တွင် ဓားဒဏ်ရာများရရှိ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
