နေမိုး
၂၇. ၆. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း ရခိုင်အကြမ်းဖက် AA နှင့် PDF ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိသည့် အမျိုးသားတစ်ဦး ခြေထောက်ပြတ်တောက်မှု လေးမျက်နှာတွင်ဖြစ်ပွားခဲ့ပြန်သည်။
AA နှင့် PDF တို့၏ အပြစ်မဲ့ပြည်သူများ သွားလာရာလမ်းပေါ် မိုင်းထောင်သည့်ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စီကွင်းကျေးရွာနေ ဦးဆန်းမြင့်(၅၁)နှစ်သည် ၎င်း၏ ယောက်ဖဖြစ်သူ ရေသိုးချောင်ကျေးရွာနေ ဦးဇော်ဝင်းထူး(၃၈)နှစ်နှင့်အတူ ရေကြည်မြို့နယ်၊ စက်စက်ရိုကျေးရွာမှ စီကွင်းကျေးရွာသို့ ခြေလျင်ပြန်လာစဉ် စက်စက်ရိုကျေးရွာနှင့် စီကွင်းကျေး ရွာကြားရှိ လမ်းပေါ်အရောက် AA အကြမ်းဖက်အဖွဲ့နှင့် PDF များ ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးအား ဦးဆန်းမြင့်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဝဲခြေသလုံးပြတ်တောက်မှုနှင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးဇော်ဝင်းထူးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
