၂၀.၆.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်း၊ ဘက်ဖို့ဒ်နယ်မြေတွင် ဇွန်လ ၁၉ ရက် ညနေပိုင်းက ခရီးသည်တင်ရထားနှစ်စင်း တိုက်မိရာ လူတစ်ဦးသေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဗြိတိသျှသယ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့ ကလည်း ဇွန်လ ၁၉ ရက် သောကြာနေ့ညနေပိုင်းတွင် လန်ဒန်မြောက်ပိုင်း ဧရိယာ၌ ရထားတိုက်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူမှာ ရထားမောင်းသူတစ်ဦးဖြစ်ကြောင်း အမျိုးသားရထားလမ်း၊ ရေကြောင်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်သားများသမဂ္ဂက ပြောကြားခဲ့သည်။
အရှေ့အင်္ဂလန်လူနာတင်ယာဉ်ဝန်ဆောင်မှု၏ အဆိုအရ လူ ၉၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး ၁၁ ဦးမှာ အလွန်ပြင်းထန်သောဒဏ်ရာများနှင့် ၂၂ ဦးမှာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကာ လူနာတင်ယာဉ် ၂၀ ကျော်ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
ဗြိတိသျှသယ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ကွန်စတေဘယ်လ် စတောက် ကန်ဒီက “ကျွန်တော်တို့ အဓိကဖြစ်ရပ်တစ်ခုကို ကြေညာခဲ့ပြီး သိသာထင်ရှားတဲ့ အရေးပေါ်ဝန်ဆောင်မှုတုံ့ပြန်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့သည် ဖြစ်ပျက်ခဲ့မှုကို အတိအကျသိရှိရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယူကေ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟိုက်ဒီ အလက်ဇန္ဒား၏ အဆိုအရ အရှေ့မစ်ဒ်လန်းစ် ရထားလမ်းကုမ္ပဏီရဲ့ ခရီးသည်တင် ရထားနှစ်စင်းက ရထားတိုက်မိမှုမှာ ပါဝင်ကြောင်းသိရသည်။
ကော်ဘီမှလန်ဒန်သို့ မောင်းနှင်လာသော ရထားတစ်စင်းသည် ဘက်ဖို့ဒ်တောင်ဘက်တွင် နော်တင်ဟမ်မှ လန်ဒန်သို့ မောင်းနှင်လာသော ရထားတစ်စင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အရှေ့မစ်ဒ်လန်းစ် ရထားလမ်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့သည် လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေပြီး အရေးပေါ်ဝန်ဆောင်မှုများကို ကူညီရန် Network Rail နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref; ABC News
