၂၀.၆.၂၀၂၆
Written By Thandar
ACL Film Production နဲ့ Wezaya Film Production တို့ ပူးပေါင်းစီစဉ်ထုတ်လုပ်တဲ့ ဒရာမာဇာတ်လမ်း ပုံစံ “ကိုယ့်အတ္တနှင့် ကိုယ်” ရုပ်ရှင်ကားကြီး VIP Show ပွဲအခမ်းအနားကို ဇွန်လ ၁၉ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကို ရိုက်ချင်တာကြာပြီ။ ဇာတ်လမ်းလေးကလည်း မြင်နေကြတွေ ရိုးနေပြီမို့ ဆန်းဆန်းပြားပြားဇာတ်လေးဖြစ်သွားအောင်ပါ။ မြန်မာပြည်မှာ မိဘနဲ့ သားသမီးမှာအမြဲတမ်း သားသမီးတွေကသာလျှင် ဆုံးမခံရတယ်ပေါ့။ သားသမီးတွေက မိဘကိုပြန်ပြောရင် ရိုင်းတယ်။ ဒါပေမယ့် မိဘတွေက တစ်ခါတလေမှားနေရင် မိဘအတ္တကြောင့်မှားရင် သားသမီးတွေမှာ ဒုက္ခရောက်တာတွေ လမ်းမှားရောက်တာတွေ အများကြီးရှိတယ်ပေါ့။ အဓိက မိဘတွေကို သိစေချင်တယ် ကြည့်စေချင်တဲ့ကားပါ” လို့ ဒါရိုက်တာ အောင်ချမ်းလူက MT Entertainment ကိုပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဒါရိုက်တာအောင်ချမ်းလူ၊ အကယ်ဒမီ အေးချမ်းမောင်၊ ကျော်ထက်အောင်၊ ညီနန္ဒ၊ ရဲလေး၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ အကယ်ဒမီ ခင်မို့မို့အေး၊ ရွှေသမီးစတဲ့သူတွေ တက်ရောက်လာခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ အကယ်ဒမီ အေးချမ်းမောင်၊ ညီနန္ဒ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ဇင်မျိုး၊ တင်ဇာဝင်းပြည့်၊ အကယ်ဒမီ ခင်မို့မို့အေး၊ သာသာ၊ မြတ်အမရာ၊ ယွန်းဝတီလှိုင်၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“ကိုယ့်အတ္တနှင့်ကိုယ်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၂၆ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ကျော်ထက်အောင် #kyawhtetaung #အေးချမ်းမောင် #ayechanmaung #ညီနန္ဒ #nyinanda #ခင်ဝင့်ဝါ #khinwintwah #AungChanLu #ကိုယ့်အတ္တနှင့်ကိုယ် #ACLFilmProduction #WezayaFilmProduction









