April 29, 2024

UEC ဥက္ကဋ္ဌနှင့် အမေရိကန် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်ဂုဏ်ထူးဆောင်ပါမောက္ခကာဒီဂျက်ဆန်တို ယခုနှစ် ဇွန် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံစဥ်

MT News

Written by Tha Doe

လာမည့်ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် မဲရုံ ၆၅၃ ရုံလျာထားပြီး ပုံစံ ၆၆/၆ ဖြင့် မဲပေးမည့် လူဦးရေ တိုးလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏ သီရိခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက လာမည့်ရွေးကောက်ပွဲအတွက် မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၆၅၃ ရုံ လျာထား သတ်မှတ်ထားပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စက်တင်ဘာလ အထိ တင်ပြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ သေဆုံး၊ ပြောင်းထွက်၊ နှစ်ကြိမ်ထပ်၊ သုံးကြိမ်ထပ်မှလျော့သည့်ဦးရေ ၃၄၃၂ ဦးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ဖြည့်သွင်းမှု ၂၂၅ ဦးရှိခဲ့သည်။ အခြားမြိုနယ်မှ ပုံစံ ( ၆၆/၆ ) အသစ်ပြောင်းဝင်ဦးရေ ၃ဝ၁ ဦး၊ မြို့နယ်အတွင်း ပုံစံ(၆၆/၆)အသစ် ထပ်တိုးဦးရေ ၃၆၉ ဦးရှိပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုး ဦးရေ ၃၉၄၁ ဦး ရှိနေသည်ဟု သိရသည်။

ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ မြေပြင်တွင်ထပ်တိုးသည့် အရေအတွက်မှာ ပုံစံ ( ၆၆/၆ ) ရှိသူ ၂၃၀၆၉ ဦး၊ ပုံစံ ( ၆၆/၆ ) အခြားတွင်ရှိသူ ၉၀၆ ဦး၊ ပုံစံ ( ၆၆/၆ ) မရှိသူ ၇၉၄ ဦး စုစုပေါင်း ၅၇၆၉ ဦး ရှိနေပြီး အမှန်တကယ် မြေပြင်တွင်လျော့နေသည့် ဦးရေမှာ ပုံစံ( ၆၆/၆ ) ရှိသူထဲမှ ၃၉၀၃ ဦး၊ ပုံစံ ( ၆၆/၆ ) အခြားတွင်ရှိသူ ၈၃၂ ဦး၊ ပုံစံ ( ၆၆/၆ ) မရှိသူ ၈၃၈ ဦး စုစုပေါင်း ၅၅၇၃ ဦးရှိကြောင်းနှင့် သိရသည်။

ရှေ့ပြေးစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ စုစုပေါင်းလူဦးရေစာရင်း ၁၅၀ဝ၂၇၆ ဦးတွင် စိစစ်လိုက်သောအခါ မြေပြင်တွင်နေထိုင်သည့်လူဦးရေ ၉၉၅၃၂၉ ဦး ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပုံစံ (၆၆/၆)ဖြင့် မှတ်ပုံတင်ရှိပြီး ဥပဒေနှင့်အညီ နေထိုင်သူ ၈၉၇၃၅၂ ဦး ဖြစ်ကာ စက်တင်ဘာလကုန်စိစစ်ချက်အရ မြေပြင်တွင်နေထိုင်သည့်လူဦးရေ ၁၀၁၆၇၁၀ တွင် ဥပဒေနှင့်အညီနေထိုင်သူ ၉၁၇၀၄၃ ဦး ဖြစ်သဖြင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ အိမ်ထောင်စုဇယား ပုံစံ(၆၆/၆) များပြောင်းရွှေ့လာသောကြောင့် လူဦးရေစာရင်း တိုးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေတာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများမှာ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့ ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် ပါဝင်ရန် ပုံစံ(၆၆/၆)ရှိကြရမည်ဖြစ်ပြီး ပုံစံ (၆၆/၆) ရှိသည့် မိမိနေထိုင်ရာ ဒေသ မဲစာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း၊ ပုံစံ(၆၆/၆) မရှိပါက မဲစာရင်း တွင် ပါဝင်မည်မဟုတ်သကဲ့သို့ မဲပေးခွင့်ရရှိမည်မဟုတ်သည့်အပြင် ဆန္ဒမဲပေးခွင့်ရရန် နိုင်ငံသားစိစစ်ရေးကတ်ရှိရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ဌာနများက မဲဆန္ဒရှင်ပြည်သူများ ပုံစံ(၆၆/၆)ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးတို့ကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *