၈. ၁၀. ၂၀၂၂
Written by Nay Moe

SAC ကို အချိန်ပေး၍ မဖြစ်တော့သည့်အတွက် NUG နှင့် မဟာမိတ်များက စစ်မျက်နှာ ၆ ခု ဖွင့်တိုက်ရန် အရှိန်မြှင့် ထိုးစစ်ဆင်ရေးတစ်နှစ်စီမံချက် ရေးဆွဲနေသည်ဟု NUG က ထုတ်ပြန်သည့် “ပြည့်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ တင်ပြခြင်း” တွင် ဖော်ပြထားပြီး တစ်နှစ်အတွင်း အောင်မြင်မှု ရှိ မရှိကိုမူ အာမခံနိုင်ခြင်းမရှိကြောင်း NUG ၏ Press Secretary Team မှ ကိုနေဘုန်းလတ်က ​ပြောသည်

NUG အနေဖြင့် PDF များ ဖွဲ့စည်းခဲ့ရာ တစ်နှစ်အတွင်း SAC ကို တိုက်ခိုက်နိုင်သည့် အင်အားတစ်ရပ်ကို EAO များနှင့် ပူးပေါင်းပိုင်ဆိုင်နိုင်နေပြီဖြစ်သည်။ နယ်မြေစိုးမိုးမှုတွင် တစ်နိုင်ငံလုံး ဧရိယာ၏ ရာခိုင်နှုန်း ၅၀ ကျော်ကို NUG က စိုးမိုးထားနိုင်ပြီဟု ဆိုသည်။

ထို့ပြင် NUG ၏ ရဲတပ်ဖွဲ့ ထူထောင်ကာ ယာယီအချုပ်ခန်း ၂၀ ကျော်နှင့် အမှုအခင်း ၁၁၆ မှုကို စစ်ဆေးနေပြီဟုဆိုသည်။

ထို့ပြင် လာမည့်တစ်နှစ်အား ”အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” အဖြစ် သတ်မှတ်ပြီး တစ်ချီတည်းရုန်းကြရန် အချိန်ကျပြီဖြစ်ကြောင်းလည်း NUG ၏ လုပ်ငန်းစဥ်တွင် ဖော်ပြထားသည်။

ထိုသို့ ‘အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်”အဖြစ် တစ်နှစ်အတွင်း အဆုံးအဖြတ်ပေးနိုင်ရန် အာမခံနိုင်ခြင်း ရှိ မရှိ သတင်းထောက်များက မေးမြန်းရာ NUG ၏ Press Secretary Team မှ ကိုနေဘုန်းလတ်က ” သူတို့လွယ်လွယ်ကူကူနဲ့ ဒီထိုင်ခုံပေါ်ကနေ ဒီနေရာကနေ ဖယ်ရှားပေးမယ်ဆိုတဲ့ ကိစ္စ ဒါအားလုံးလည်း သိကြပြီးဖြစ်လိမ့်မယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ဘယ်လို အာမခံမလဲ။ ကျွန်တော်တို့အာမခံနိုင်တာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ အဖြေပေါ်မယ်ဗျာ။ ဒီတစ်နှစ်ဟာ အဆုံးအဖြတ်နှစ်ပဲ။ ‘အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်”ပဲဆိုတဲ့စကားကို ကျွန်တော်တို့ ​သေချာရွေးချယ်ပြီးတော့ သုံးထားခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ ကျွန်တော်တို့က တိုးတက်မှုရှိတယ်ဆိုပေမဲ့လည်း လိုအပ်ချက်ရှိနေတာလေးတွေ ဝိုင်းရုန်းပြီး ဖြည့်ဆည်းကြမယ်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျရေးပန်းတိုင်ကိုရောက်မယ်ပေါ့။ အဲဒါကြောင့် ဒီတစ်နှစ်မှာ ဝိုင်းရုန်းကြရင် အဖြေပေါ်မယ်။ ဘယ်သူကနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာ အဖြေပေါ်မဲ့နှစ်ပေါ့။ ဒီလိုအဖြေပေါ်မဲ့နှစ်လို့ပဲ ကျွန်တော်ဒီလိုမျိုးဖြေချင်ပါတယ်”ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *