၁၈.၆.၂၀၂၆
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံတွင် Plateau ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကာဒူနာပြည်နယ်၊ Kauru ဒေသန္တရအစိုးရဧရိယာ၊ Kamaru ရပ်ကွက်ရှိ Angwan Magaji ကျေးရွာတွင် ဇွန်လ ၁၇ ရက်က သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူကိုးဦးခန့်သေဆုံးခဲ့ပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုက ဇွန်လ ၁၇ ရက်၊ နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ကာဒူနာနှင့် Plateau ပြည်နယ်နှစ်ခု၏ နယ်စပ်တစ်လျှောက်ရှိ ကျေးရွာများ၏ လုံခြုံမှုမရှိခြင်းအပေါ် စိုးရိမ်မှုများ တိုးပွားလာစေခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် တိုက်ခိုက်သူများသည် ရပ်ရွာထဲသို့ ကျူးကျော်ဝင်ရောက်ကာ အိပ်ပျော်နေသော ဒေသခံများကို ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အကြမ်းဖက်ခံရသော ကျေးရွာမှ ဒေသခံအများစုမှာ Irigwe လူမျိုးစုများဖြစ်ကြောင်း လည်းသိရသည်။
ဒဏ်ရာရရှိသူများသည် လက်ရှိတွင် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း Irigwe ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အမျိုးသားအတွင်းရေးမှူး Danjuma Auta ကလည်း ဖြစ်ရပ်ကို အတည်ပြုခဲ့သည်။
Auta က Bassa နယ်မြေရှိ ကျေးရွာများအပေါ် ထပ်ခါတလဲလဲ တိုက်ခိုက်မှုများ ရှိနေသည့်အပေါ် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ပြီး အသက်နှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် လုံခြုံရေးအစီအမံများကို အားကောင်းစေရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
ဖြစ်ရပ်ကြောင့် ရပ်ရွာလူထုသည် ဝမ်းနည်းကြေကွဲနေကြောင်း ထောက်ပြသော်လည်း နောက်ထပ်တိုက်ခိုက်မှုများကို ကာကွယ်ရန်နှင့် ဒေသခံများအကြား ယုံကြည်မှုပြန်လည်ရရှိစေရန် အရေးပေါ်ခြေလှမ်းများလှမ်းရန် ဖက်ဒရယ်အစိုးရနှင့် Plateau နှင့် ကာဒူနာပြည်နယ်အစိုးရများကို ၎င်းကမေတ္တာရပ်ခံခဲ့သည်။
Ref;The Sun-Nigeria
