၁၈.၆.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လျော်ပင်ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကွန်တိန်နာယာဥ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတိုက်မိရာမှ နှစ်ဦးသေဆုံးမှု ဇွန်လ ၁၇ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ၀မ်းတွင်းမြိုနယ် သန္တိသုခပရဟိတ(နာကူ)အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသားမှာ ဆေးရုံသို့ ပို့ဆောင်စဥ် ဆေးရုံအရောက်၌ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ နှစ်ဦးမှာ ဇနီးမောင်နှံများဖြစ်ကြပြီး မိတ္ထီလာမြို့နယ်၊ ကံကြီးကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း ကနဦး သိရသည်။
“ကျွန်တော်တို့ရောက်သွားတော့ တစ်ယောက်ကာ ကားနောက်မြှီးမှာ ဆုံးသွားပြီ။ တစ်ယောက်က ကားလမ်းဘေးမှာ တစ်ယောက်က ပွေ့ထားတယ်။ အမျိုးသားကို ဝမ်းတွင်းဆေးရုံပို့ပြီး နာရီဝက်အကြာမှာ ဆုံးသွားတယ်လို့ သိရပါတယ်”ဟု ၀မ်းတွင်းမြို့နယ် သန္တိသုခပရဟိတ(နာကူ)အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ ဇနီးမောင်နှံနှစ်ဦးကို ၀မ်းတွင်းမြိုနယ် သန္တိသုခပရဟိတ(နာကူ)အသင်းမှ အသင်းဝင် ငါးဦးက သယ်ယူကာ ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
