၁၇.၆.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ ဂန္တဝင်သဘင်ပညာရှင် ဇာတ်မင်းသားကြီး သိန်းဇော်ရဲ့ သဘင်သက်တမ်း နှစ် ၅၀ ပြည့် “မန္တလေးသိန်းဇော်ရဲ့ သဘင်ရွှေရတုပွဲတော်”ဖျော်ဖြေပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ၂ ရက်တိုင်တိုင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာချိန်မှာ ခုလိုပွဲလေးလုပ်ဖြစ်တာပါ။ ငယ်စဉ်အရွယ်တွေ ကျော်ဖြတ်ပြီးတော့ ဒီအရွယ်တစ်ခုကို ရောက်ရှိလာပါပြီ။ အမှန်တော့ ကျွန်တော့်ရဲ့မွေးနေ့တောင် တူတူတန်တန်ကို ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး။ ဒီနေ့ သဘင်ရွှေရတုပွဲဆိုပြီးလုပ်ဖြစ်ဖို့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဝန်းရံကြတဲ့ ဂန္တဝင် သူငယ်ချင်းကြီးလေးဦးနဲ့ ဇာတ်မင်းသားလေးအောင်ဇမ္ဗူအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က သဘင်ကို အရမ်းချစ်မြတ်နိုးလို့ နှစ်ပေါင်း ၃၀၊ ၄၀ ကျော် ထိန်းသိမ်းခဲ့ပါတယ်။ ကျွန်တော့်တို့ သဘင်သူငယ်ချင်းတွေဖြစ်တဲ့ ရွှေမန်းချမ်းသာ၊ မန်းဝင်း၊ နန်းဝင်းတို့က နှုတ်ကမပြောကြပေမယ့် အားလုံးမြင်တွေ့ရတာပါပဲ။ ကျွန်တော်က သဘင်သည်စိတ်အပြည့်အဝရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အသက်မွေးကြောင်းလုပ်ငန်း၊ ကိုယ့်ချစ်သော သဘင်ပညာကို သူများကအထင်သေးမှာစိုးလို့ အရေးကြုံလာရင် ထွက်ပေးချင်စိတ်မပေါ် ပေါက်ခဲ့ပါဘူး။ ကျွန်တော်သည် သဘင်သည်။ ကိုယ့်တစ်ယောက် စံကောင်းရင် သဘင်လောကမှာ အရာရာ အဆင်ပြေကြမယ်တွေးဖြစ်ခဲ့တယ်”သဘင်ပညာရှင် မန္တလေးသိန်းဇော်က ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လကတော့ သဘင်သက်တမ်း နှစ် ၅၀ ပြည့် မန္တလေးသိန်းဇော်ရဲ့ သဘင်ရွှေရတုပွဲတော်ကြီးကို အောင်ဇမ္ဗူက ကန်တော့ပန်းဆင်မှာဖြစ်ပြီး ညနေ ၆ နာရီကနေစတင်ပြီး ည ၁၀ နာရီအထိ ၂ ရက်တိုင် တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးသိန်းဇော်ဟာ သဘင်ပညာရပ်အပြင် တေးသီချင်း၊ ကဗျာတွေ ရေးသားသီဆိုခဲ့သလို ရုပ်ရှင်၊ ဗီဒီယိုတွေကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။
“အဖေတို့ရှေ့မှာရော ဖေကြီးတို့နောက်မှာရော သဘင်ပညာကိုချစ်ပြီးတော့ အသက်မွေး၀မ်းကြောင်းပြုခဲ့တာမို့ ချစ်တဲ့စိတ်၊ မြတ်နိုးတန်ဖိုးထားတဲ့စိတ်နဲ့ ဘဝတည်ဆောက်နေသူ အားလုံးကို ကိုယ်တိုင်လည်း သဘင်သည်ဖြစ်နေတာဖြစ်တဲ့အတွက် ကျွန်တော်က အားလုံးကို ချစ်တယ်။ ပြီးတော့ အဖေကြီးတို့ ကျေးဇူးတွေရှိတယ်။ သဘင်နဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ မည်သူမဆိုပေါ့ ကျွန်တော့်က အားလုံးကိုချစ်တယ်။ ကျွန်တော်က စောင့်ရှောက်ချင်တာပေါ့နော်။ ကျွန်တော့် တစ်ခုရှိရင် အဲတစ်ခုကိုပေးချင်တဲ့ အဲစိတ်လေးရှိတယ်။ စောင့်ရှောက်တယ်ဆိုရင် ကိုယ့်အကြီးကြီးဖြစ်သွားတာမို့ ကျွန်တော်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီတာပါ”လို့ ဇာတ်မင်းသားအောင်ဇမ္ဗူကပြောပါတယ်။
ဒီဖျော်ဖြေပွဲမှာတော့ ရွှေမန်းချမ်းသာ၊ ဦးနန်းဝင်း၊ ဦးမိုးဝင်း၊ အောင်ဇမ္ဗူ စတဲ့ သဘင်ပညာရှင်တွေက ပါဝင်ကပြဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး လက်မှတ်ဝယ်ယူလိုပါက https://theinzawgoldenjubilee.com/ 09 941144500, 09968683555 တို့မှာဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
#ဇာတ်သဘင်မင်းသားကြီး #မန္တလေးသိန်းဇော်ရဲ့သဘင်ရွှေရတုပွဲတော် #ဦးနန်းဝင်း #ဦးမိုးဝင်း #ဦးချမ်းသာ #ရွှေမန်းချမ်းသာ #UTheinZaw #MandalayTheinZaw #50Years #ShweYatu









