၁၇.၆.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂ဝ၂၆ (Mekong Tourism Forum 2026) အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါဖိုရမ်ကို ဇွန် ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံအစည်းအဝေးနဲ့ ဆက်စပ်ပြီးတော့ ဒီခြောက်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းအခြေအနေတွေအားလုံးကို အပြန်အလှန်ဖလှယ်နိုင်အောင်ဆိုပြီး ပထမအစည်းအဝေးလုပ်ပါတယ်။ တစ်နိုင်ငံချင်းစီရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို အပြန်အလှန်မျှဝေပြီးတော့မှ အတုယူစရာရှိတာလည်း အတုယူမယ်။ ပြင်ဆင်စရာရှိတာလည်း ပြင်ဆင်နိုင်အောင်၊ ပူးပေါင်းဆောင်ရွက်စရာရှိတာလည်း ဆောင်ရွက်နိုင်အောင် ပထမအဆင့်အစည်းအဝေးတွေလုပ်ပါတယ်။ ဒီဖိုရမ်မှာတော့ ပညာရှင်တွေက For the People ပေါ့နော်။ Tourism for People ဆိုတာ အဓိကကတော့ ခရီးသွားလုပ်ငန်းဆိုတာ ပြည်သူလူထုအားလုံးအတွက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က ဖော်ညွှန်းချင်တာဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကနေ အလတ်စား၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်းတွေအပါအဝင် အိမ်တွင်းမှုလုပ်ငန်းလုပ်တဲ့သူတွေ အကုန်လုံး ဒီခရီးသွားလုပ်ငန်းရဲ့အကျိုးအမြတ် အသီးအပွင့်တွေအားလုံးကို လူတန်းစားပေါင်းစုံ ခံစားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဖိုရမ်ကို ပြုလုပ်တာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး H.E Huot Hok က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် Mekong Tourism Coordinating Office ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms.Suvimol Thanasarakij က တက်ရောက်လာသည့် မဲခေါင် ခြောက်နိုင်ငံမှ တာဝန်ရှိသူများကို ကြိဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ Asian Ecotourism Network(AEN) တည်ထောင်သူ ဂျပန်နိုင်ငံသား Mr.Masaru Takayama က “Tourism for People: A Force for Good” ခေါင်းစဉ်ဖြင့် အာရှနိုင်ငံများ၏ ခရီးသွားလာရေးအကြောင်းများကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ တွင် မဲခေါင်ခြောက်နိုင်ငံမှ အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ (ညွှန်ကြားရေးမှူး ချုပ်အဆင့်)နှင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှခရီးသွားလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး ယင်းခြောက်နိုင်ငံမှ ယဥ်ကျေးမှုနှင့် ဒေသထွက်အစားအစာပြခန်းများလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။









