၁၇.၆.၂၀၂၆
Written by Linn Eain
တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာရေး လိုအပ်ပါက တရုတ်နိုင်ငံသို့ ကိုယ်တိုင်သွားရောက်ရှင်းပြမည်ဟု ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် ဇွန် ၁၇ ရက်က ပြုလုပ်သည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂ဝ၂၆ (Mekong Tourism Forum 2026) အခမ်းအနားဖွင့်ပွဲအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က “မကြာခင်မှာ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့တရုတ်တွေကို သွားပြီးတွေ့မယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ နေလာတာ နှစ်ဆယ်နဲ့ချီကြာပြီ။ အဲဒီလူတွေနဲ့တွေ့ပြီးတော့မှ ဒီမှာအန္တရာယ်မရှိဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်မေးပြီး Video Clip လေးလုပ်မယ်။ ပြီးရင် လိုအပ်လိုရှိရင် ကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့မှ တရုတ်နိုင်ငံမှာသွားရှင်းမှာပေါ့။ တရုတ်ပြည်ကလာတဲ့ တိုက်ရိုက်လေယာဥ်ဆိုရင် ပုဂံမှာဆိုရင် ဆယ့်လေးငါးစင်းလေယာဥ်ဆိုက်တယ်။ အဲဒီလောက်ထိရောက်ခဲ့ဘူးတယ်။ အခုကျတော့လည်း တော်တော်ကျသွားတယ်။ အဲဒါကိုပြန်ဆွဲတင်ပါမယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ Plan ပေါ့” ဟု ပြောကြားခဲ့သည်။
ထိုပြင် တရုတ်ခရီးသွားများ ပြည်တွင်းသို့ လာရောက်လည်ပတ်မှု ၅၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားသဖြင့် ဆန်းစစ်ရာတွင် No More Bets ရုပ်ရှင်ကား၏ ပျံ့နှံမှုကြောင့် တရုတ်ခရီးသွားများ ပြည်တွင်းသို့ဝင်ရောက်မှုကျဆင်းသွားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“နောက်တစ်ခုသိသာတာက တရုတ်နိုင်ငံဘက်က ခရီးသွားတွေ မြန်မာနိုင်ငံကိုလာတဲ့အခါမှာ ၅၀ ရာခိုင်နှုန်းကျော်ကျော်လောက်ပြုတ်ကျသွားတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း ဆန်းစစ်တာပေါ့။ တချို့ဒေသကလူတွေကကျတော့ No More Bets ဆိုတဲ့ဇာတ်ကားရှိတယ်။ No More Bets ဆိုတာက မြန်မာနိုင်ငံထဲမှာ ကျားဖြန်အပါအဝင် ကျန်တဲ့ ဒုစရိုက်လုပ်ငန်းတွေရှိတယ်။ ဒီလူတွေက ကိုယ်တွင်းအင်္ဂါတွေကို ဖြတ်တောက်ရောင်းစားတယ်ဆိုပြီးတော့မှ လုပ်ကြံပြီးတော့ရိုက်တယ်မဟုတ်ဘူး။ ရိုက်တဲ့သူကလည်း ဟိုဘက်ကရိုက်တယ်လို့ ပြောတာပဲ။ အဲဒီဇာတ်ကားက တရုတ်နိုင်ငံထဲမှာ လူတွေထဲတော်တော်လေးပျံ့နှံ့သွားတယ်။ တရုတ်တော်တော်များများက ကြောက်သွားတယ်ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီကိုမလာတာလို့သိရတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂ဝ၂၆ (Mekong Tourism Forum 2026) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး ဇွန် ၁၇ ရက်မှ ဇွန် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
