သတိုး
၁၇. ၆. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့သို့ တရုတ်နိုင်ငံတော်ယာဥ်တန်းဖြင့် ရောက်ရှိလာခဲ့ရာ ရှန်ဟိုင်းမြို့ပြည်သူများက ဝဲယာလမ်းဘေးတွင် ကြည့်ရှုကြိုဆိုမှုများ ပြုလုပ်ခဲ့သလို ရှန်ဟိုင်းမြို့တော်ဝန်နှင့် တွေ့ဆုံမည့် Fair Mount ဟိုတယ်ကလည်း ဂုဏ်ပြုတီးဝိုင်းဖြင့် ဧည့်ခံကြိုဆိုခဲ့သည်ကို တွေ့မြင်ရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ယနေ့နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်တစ်ခု သွားရောက်ခဲ့သော်လည်း ယခုတရုတ်ခရီးစဥ်ကသာ ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) ဖြစ်ကြောင်းနှင့် တရုတ်သမ္မတအပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန်နှင့် အကူအညီပေးရေးစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် အောင်မြင်သော ခရီးစဥ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့သို့ အထူးအမြန်ရထားဖြင့် ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်အား ဒေသအာဏာပိုင်များ၊ မြန်မာနှင့် တရုတ်သံရုံးမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့သလို ရှန်ဟိုင်းမြို့တွင်လည်း မြို့တော်ဝန်နှင့် တွေ့ဆုံမှုအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခြင်း၊ စီးပွားရေးညီလာခံများတက်ရောက်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာရေးခရီးစဥ်များသွားရောက်ခြင်းတို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။








