◾ အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးတွင် အကူအညီပေးမှုအပါအဝင် ငှက်ပျောသီး၊ ဆေးဖက်ဝင်တိုင်းရင်းဆေးနှင့် ရေထွက်ပစ္စည်းများ တင်ပို့ရေးတို့ပါ ပါဝင်
သတိုး
၁၆. ၆. ၂၀၂၆
မြန်မာ – တရုတ်နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေးအပါအဝင် နားလည်မှုစာချွန်လွှာ ၁၈ ခုအား ယနေ့နံနက်တွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမတွင် နှစ်နိုင်ငံသမ္မတများရှေ့မှောက် တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် ရောက်ရှိလာရာ တရုတ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အမြှောက် ၂၁ ချက်ဖောက်၍ ကြိုဆိုခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ကြိုဆိုနှုတ်ဆက်ကာ ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်စစ်ဆေး၍ အလေးပြုမှု ခံယူခဲ့ပြီး နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်တည်ခင်းသည့် ဂုဏ်ပြုနေ့လယ်စာ စားသုံးပြီးနောက် နှစ်နိုင်ငံသမ္မတများရှေ့မှောက် နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့သည်။
အဆိုပါ စာချွန်လွှာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(၂၀၂၆) အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။
ထို့အပြင် အောင်ဆန်းအားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်းစီမံကိန်းဆောင်ရွက်ရန်အတွက် အကူအညီပေး ရေးဆိုင်ရာစာလွှာ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းသား ဆေးဖက်ဝင်အပင်များ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ငှက်ပျောသီးများ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးရန် ရေထွက်တိရစ္ဆာန်များ တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနှင့် သန့်ရှင်းရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများလည်း လက်မှတ်ရေးထိုးသည်။
ထို့အပြင် တရုတ်-မြန်မာ သိပ္ပံနှင့် နည်းပညာ ပြည်သူချင်းဖလှယ်ရေးအစီအစဉ်ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ် ယန္တရား နားလည်မှု စာချွန်လွှာ၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်းအသံ/ရုပ် ဝန်ဆောင်မှုများ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နားလည်မှု စာချွန်လွှာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင် ရာ နားလည်မှုစာချွန်လွှာ၊ မြေငလျင်ဘေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု နည်းပညာ အကူအညီ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရေးဆိုင်ရာ စာချွန်လွှာ၊ မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု နားလည်မှုစာချွန်လွှာ စသည့် သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။
