၁၅.၆.၂၀၂၆
Translated by Htwe Ko Tun
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြင်သစ်နိုင်ငံနယ်စပ်တွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ကြောင်း ဆန္ဒပြသမှုတစ်ရပ် ဇွန်လ ၁၄ ရက်က ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ခဲ့ကြပြီး ကားတစ်စီးကို မီးရှို့ခဲ့ကာ ဘဏ်တစ်ခု၏ မှန်များကို ရိုက်ခွဲခဲ့ကြသည်။
ပြင်သစ်အပန်းဖြေမြို့ အီဗီယန်တွင် G7 ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျီနီဗာရှိ ကုလသမဂ္ဂ အဆောက်အအုံအနီးတွင် ဆန္ဒပြသူများနှင့် ရဲများအကြား ထိပ်တိုက်ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ဆန္ဒပြသူများက ပုလင်းများ၊ ကျောက်ခဲများနှင့် မီးရှူးမီးပန်းများကို ရဲများထံ ပစ်ပေါက်ခဲ့ကြပြီး ရဲများက မျက်ရည်ယိုဗုံးများနှင့် ရေအမြောက်များဖြင့် တုံ့ပြန်ခဲ့ကြသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များကို AFP နှင့် Reuters သတင်းဌာနများက ကိုးကားဖော်ပြရာတွင် ဆန္ဒပြသူများက ကုလသမဂ္ဂ၊ ဆက်သွယ်ရေးရုံးများ၏အဆောက်အအုံကို ပစ်မှတ်ထားခဲ့ပြီး မီးရှူးမီးပန်းများ ပစ်ပေါက်ခဲ့ကြကာ ရဲများက ၎င်းတို့ကိုထိုနေရာမှ ဖယ်ရှားရန် ကြိုးစားခဲ့ကြသည် ဟု ဆိုသည်။
G7 ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှ စီစဉ်သော ဆန္ဒပြပွဲမတိုင်မီ အီဗီယန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာရှိ ဂျီနီဗာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းလည်းဖြစ်သည်။
အကြမ်းဖက်မှုများ မဖြစ်ပွားမီ ချီတက်ပွဲကို အရင်းရှင်ဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာဝါဒကို ရှုတ်ချသော အဖွဲ့များစွာပါဝင်သည့် ညွန့်ပေါင်းအဖွဲ့မှ စီစဉ်ခဲ့သည်။ အကြမ်းဖက်မှုမဖြစ်ပွားမီ မွန်းလွဲအချိန်အစောပိုင်းတွင် ငြိမ်းချမ်းစွာစတင်ခဲ့သော ချီတက်ပွဲအတွက် လူ ၂၀,၀၀၀ ခန့် စုဝေးခဲ့ကြသည်။
ဆန္ဒပြသူအချို့သည် ဆိုင်ရှေ့မျက်နှာစာများကို ကာကွယ်ရန် တပ်ဆင်ထားသော ပလိုင်းဝုဒ်ပြားများကို ဖြုတ်ချပြီး ပြတင်းပေါက်များကို ရိုက်ခွဲကာ ရဲများကို ကျည်ဆန်များဖြင့် ပစ်ပေါက်၍ Tesla ကား တစ်စီးကို မီးရှို့ခဲ့ကြသည်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်လာခဲ့ခြင်းဖြစ်သည်။

G7 ထိပ်သီးအစည်းအဝေးကျင်းပရာနေရာအနီး ပြင်သစ်နိုင်ငံအတွင်းတွင် ပြင်သစ်အစိုးရက ဆန္ဒပြပွဲများအတွက် ခွင့်ပြုချက်များထုတ်ပေးရန် ငြင်းဆိုခဲ့သောကြောင့် ဂျီနီဗာတွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြပွဲများက G7 ထိပ်သီးများစုဝေးရာနေရာများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ထိပ်သီးအစည်းအဝေးများတွင် ဆန္ဒပြသူများက အရင်းရှင်ဝါဒ၊ ကမ္ဘာလုံးဆိုင်ရာဝါဒ၊ မညီမျှမှုနှင့် အခြားပြဿနာများအပေါ် မကြာခဏ မကျေမနပ် ဆန္ဒပြလေ့ရှိကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အပါအဝင် ချမ်းသာသော ခုနစ်နိုင်ငံအုပ်စုမှ ခေါင်းဆောင်များသည် အီဗီယန်မြို့တွင် ဇွန်လ ၁၅ ရက်၌ စတင်မည့် သုံးရက်ကြာ အစည်းအဝေးအတွက် စုဝေးရန် စီစဉ်ထားသည်။ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်း စစ်ပွဲ အကြောင်းအရာများက G7 ထိပ်သီး အစည်းအဝေး အစီအစဉ်များကို လွှမ်းမိုးထားမည်ဟုမျှော်လင့်ရသည်။
Ref; DW News
