၁၅.၆.၂၀၂၆
Written by Linn Eain
“ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်အဆို”ကို ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်ခိုင်ဆုရည်ဇော်က ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ယင်းအဆိုကို လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စံက ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က “ပြည်သူလူထုအနေဖြင့် မိမိတို့မဲဆန္ဒနယ်အတွင်း စမတ်စီးတီးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ခွင့်ရရှိကာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော အစိုးရစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး စမတ်စီးတီးစီမံကိန်းကို Smart Mobility၊ Smart Government၊ Smart Environment and Smart Economy အစရှိတဲ့ ကဏ္ဍအလိုက်တိုးတက်မှုများကို Star Rating System ဖြင့်သတ်မှတ်၍ Public Dashboard မှတစ်ဆင့် ပြည်သူလူထုထံ ပုံမှန်ထုတ်ပြန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးထားဆောင်ရွက်ပေးပါရန် တိုက်တွန်းရင်း ကျွန်မ၏အဆိုကို ထောက်ခံအတည်ပြုပေးပါရန် ဥက္ကဌကြီးမှတစ်ဆင့် လွှတ်တော်သို့ အဆိုတင်သွင်းအပ်ပါတယ်” ဟု လွှတ်တော်သို့ အဆိုတင်သွင်းပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါ အဆိုတင်သွင်းခြင်းကို လက်ခံဆွေးနွေးရန် သင့်/မသင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဌေးအောင်က လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် ယင်းအဆိုကိုလက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။
စီမံကိန်းကဏ္ဍအလိုက် Star Rating စနစ်သည် အစိုးရအတွက် လုပ်ငန်းပိုမိုတွင်ကျယ်စေပြီး ပြည်သူ့အတွက် ယုံကြည်မှုတိုးစေကာ ရင်းနှီးမြုပ်နှံသူတွေကို ပိုမိုဖိတ်ခေါ်စေနိုင်မည်ဖြစ်ပြီး ကြယ်ပွင့်အလိုက်သတ်မှတ်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က အဆိုတင်သွင်းရာတွင် ဆွေးနွေးပြောကြားခဲ့သည်။
“ကြယ်ငါးလုံးကတော စံပြအဆင့်ဖြစ်ပြီး ကြယ်လေးလုံးကတော့ ကောင်းမွန်အဆင့်မီတဲ့ အခြေအနေဖြစ်ပါတယ်။ ကြယ်သုံးလုံးအဆင့်ကတော့ အလယ်အလတ်အဆင့်ဖြစ်ပြီးတော့ ကြယ်နှစ်လုံးဆိုရင်တော့ လိုအပ်နေတဲ့အဆင့်ဖြစ်ပါတယ်။ ကြယ်တစ်လုံးကတော့ စိုးရိမ်ရတဲ့အဆင့်ဖြစ်ပြီးတော့ ချက်ချင်းအကောင်အထည် ဖော်ဆောင်ရွက်ရမဲ့ အခြေအနေဖြစ်ပါတယ်။ ဒီစနစ်ဟာဆိုရင် ပြည်သူတွေရဲ့အသံကို နားထောင်ပြီး လိုအပ်ချက်ရှိနေတဲ့ ကဏ္ဍတွေကို အလွယ်ကူဆုံးသိနိုင်တဲ့ အကဲဖြတ်စနစ်ပဲဖြစ်ပါတယ်” ဟု အဆိုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
အထက်ပါ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး ဇွန် ၁၉ ရက်တွင် ဆက်လက်ဆွေးနွေးရန် လျာထားကြောင်း သိရသည်။









