သတိုး
၉. ၆. ၂၀၂၆
မြန်မာနိုင်ငံတွင်ရှိသည့် မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် ပမာဏသည် မဂ္ဂါဝပ် တစ်သိန်းကျော်ရှိသည်ဟု လေ့လာသိရှိရသော်လည်း လက်ရှိ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာ ရှိသည့်အတွက် ၃ ဒဿမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသည့်အခြေအနေဖြစ်နေကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
မိမိတို့ မြန်မာနိုင်ငံတွင် စီးဆင်းနေသည့်အဓိကမြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းများ၊ သဘာဝရေကန်ကြီးများ၊ စိမ့်တောများမှ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသည်။ သို့သော်လည်း အဆိုပါစီးဆင်းနေသည့် ရေချို ပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းသုံးနှင့် အိမ်သုံးရေ စသည့်ကဏ္ဍများတွင် သုံးစွဲနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေ ဖြင့် ရေအရင်းအမြစ်များကို ပိုမိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချပြီး နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဆောင် ရွက်ရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေချိုအရင်းအမြစ်များ ထိန်းသိမ်းအသုံးချရန် အနိမ့်တမံများ တည်ဆောက်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ပြနှင့်ကျေးလက် သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်ရေး အတွက် အလားအလာများ ရှာဖွေကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြသည်။



ယင်းအပြင် မိမိတို့နိုင်ငံတွင်ရှိသည့် မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် ပမာဏသည် မဂ္ဂါဝပ် တစ်သိန်းကျော်ရှိသည်ဟု လေ့လာသိရှိရကြောင်း၊ လက်ရှိ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာ ရှိသည့်အတွက် ၃ ဒဿမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိထိရောက်ရောက် အကျိုးရှိနိုင်မည့် ရေအား လျှပ်စစ်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
ထို့အပြင် စိုက်ပျိုးရေးတွင်ဆိုပါက တစ်နိုင်ငံလုံး စပါးစိုက်ဧက ၁၅ သန်းနီးပါး ရှိရာတွင် မိုးရာသီ၌ ဧက ၁၅ သန်းခန့် စိုက်ပျိုးနိုင်သော်လည်း နွေရာသီတွင် စိုက်ဧရိယာ ဧက ၂ ဒသမ ၇၁ သန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်းကို တွေ့ရကြောင်း၊ စိုက်ဧက တိုးချဲ့ခြင်း သည် အဓိကမဟုတ်ဘဲ ရှိသည့် စိုက်ဧကအတွင်း အောင်မြင်အောင် စိုက်ပျိုးကြစေလို ကြောင်း၊ မိမိတို့နိုင်ငံ၏ တချို့ဒေသများ၌ တစ်နှစ်အတွင်း သီးထပ် ၃ ကြိမ်အထိ စိုက်ပျိုးနိုင်သည်ကို တွေ့ရပြီး တချို့ဒေသများတွင် သီးထပ် ၂ ကြိမ်အထိ စိုက်ပျိုးနိုင်သည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများ၌မူ သီးထပ် လုံးဝမစိုက်ပျိုးနိုင်သည်ကိုလည်း တွေ့ရကြောင်း၊ နွေရာသီကာလတွင် စိုက်ပျိုးနိုင်ရန် လိုအပ်သည့် ရေအရင်းအမြစ်ကို ရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ သဲ ချောင်းများတွင် မြေအောက်တမံတွေ တည်ဆောက်ခြင်း၊ ဆိုလာမြစ်ရေတင်လုပ်ငန်း တွေ ဆောင်ရွက်ခြင်း၊ စက်ရေတွင်းများ တူးဖော်၍ ဆိုလာရေတင်စနစ်များ ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားရေရိက္ခာဖူလုံစေနိုင်မည်ဖြစ်ကြောင်းကို တွေ့ရှိရကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
အထက်ပါ ပြောကြားမှုများအပြင် ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင်လည်း နိုင်ငံတော်သမ္မတက နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည်ဖြစ်ပေါ်လာမည့်အကျိုးရလာဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကိုမလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှသွေးထိုးလှုံ့ဆော်နေကြသူများ၏စကားများကိုနားယောင်ကာ ကန့်ကွက်ခဲ့မှု နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများလုံ လောက်စွာ ဖြင့်ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
