ပုံစာ။ တရုတ်နယ်စပ်မြို့ ရွှေလီရှိ Ruining Xinjiang Garment (စိန်ချွန်) စက်ရုံတွင် ညှင်းပန်းနှိပ်စက်ခံနေရသော မြန်မာလုပ်သားများ ပုံရိပ် (Photo - STUM)
သက်တံ့
၁၀. ၆. ၂၀၂၆
တရုတ်နိုင်ငံ၊ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ဝမ်တိန်-မော်စီ/မန်မန် စက်မှုဇုန်အနီးရှိ “Ruining Xinjiang Garment” အမည်ရှိ စိန်ချွန် အထည်ချုပ်စက်ရုံတွင် လာရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လူမဆန်သော အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ လုပ်အားခေါင်းပုံဖြတ်မှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း အလုပ်သမားအရေးလုပ်ဆောင်သည့် STUM (သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ) က သတင်းထုတ်ပြန်သည်။
စိန်ချွန်စက်ရုံတွင် နှိပ်စက်ညှဉ်းပန်းမှုများနှင့် ပတ်သက်၍ မြန်မာအလုပ်သမားများအပေါ် တရုတ်နိုင်ငံသား သူဌေးနှင့် မန်နေဂျာများက အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ထိုသို့ ဖိနှိပ်မှုများကြောင့် မခံမရပ်နိုင်ဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းက အလုပ်သမား ၃ ဦးသည် စက်ရုံမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း လမ်းခရီးတွင်ပင် စက်ရုံသူဌေးနှင့် လုံခြုံရေးများ၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခေါင်းကွဲသည်အထိ ရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။
“စက်ရုံကနေ ထွက်ပြေးတာ ၃ ယောက်။ ချက်ချင်းပဲ သူတို့မိသွားတယ်။ မိတာနဲ့ သူဌေးက လမ်းမှာထဲက လုံခြုံရေးတွေကို ရိုက်ခိုင်းတာ ခေါင်းတွေကွဲ ဒဏ်ရာတွေရပြီး စက်ရုံရောက်တော့လည်း သူဌေးရုံးခန်းထဲ ခေါ်သွားပြီး ထပ်ရိုက်ခိုင်းတယ်။ သူဌေးကဆို လုံခြုံရေးတွေကို တစ်ခါတည်း အတင်းသတ်ခိုင်းတာ။”ဟု အလုပ်သမားတစ်ဦး ပြောသည်ကိုလည်း STUM က ဖော်ပြသည်။
ထို့အပြင် စက်ရုံအတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းနှင့် နှိပ်စက်မှုများကြောင့် မကြာသေးမီကပင် အလုပ်သမား မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။ စက်ရုံဘက်က အဆိုပါ သေဆုံးမှုကို အစဖျောက်ရန် ကြိုးပမ်းခဲ့ပြီး ဒေသခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ လမ်းစဖျောက်ထားကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း အလုပ်သမားများက “သမီးတို့က အလုပ်ထဲရောက်နေတော့ မသိဘူး။ သမီးတို့ ထမင်းစားဆင်းတော့ သူတို့ကို ရိုက်ပြီး မှန်လုံကားထဲ ထည့်ထားတာ။ သမီးတို့လူတွေက မသိတော့ ကားထဲကလူတွေ ထုတ်ပေးပြောတော့ ကားနား တစ်ယောက်မှ ကပ်မရဘူး။ သွားဆိုပြီး မောင်းထုတ်တယ်။ သမီးတို့လူတွေက အတင်း ကားထဲ ချောင်းကြည့်တော့ ကားထဲမှာ သွေးတွေနဲ့ နေကြတာတွေ့တော့ သွေးပျက်ကုန်ကြတာ။ စက်ရုံသူဌေးက အလုပ်တအားခိုင်းတယ်။ မြန်မာတွေကို အရမ်းနှိပ်စက်တယ်။ ကောင်မလေးတစ်ယောက် ရန်ကုန်က ကလေးမလေး ဆုံးသွားတယ်။ ကောင်မလေးဆို အလောင်းတောင် မတွေ့ရတော့ဘူး။ သေတဲ့ကောင်မလေး ညီမတွေကိုလည်း ချက်ချင်း ခရီးလမ်းကနေ ပြန်လွှတ်လိုက်တယ်။” ဟု ပြောသည်။
လက်ရှိတွင် ထွက်ပြေးစဉ်က ခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အလုပ်သမားမှာ ဝေဟုန်း (အမည်လွှဲ) ဖြစ်ပြီးစက်ရုံဘက်က အဆိုပါကိစ္စကို ဖုံးကွယ်ရန်အတွက် ရဲများကို ငွေပေးကာ အမှုဖျောက်ရန် စီစဉ်နေသည့်အပြင် ဒဏ်ရာရရှိထားသူများကိုပါ ငွေမပေးဘဲ ထောင်ချရန် ရဲများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် နောက်နောင်တွင် အလုပ်သမားများ ထွက်မပြေးစေရန်နှင့် ဖြစ်စဉ်များ အပြင်သို့မပေါက်ကြားစေရန် အလုပ်သမားများအား ခြိမ်းခြောက်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထားကြောင်းလည်း သိရသည်။
ရွှေလီရဲစခန်းတွင် လက်ရှိအချိန်အထိ စက်ရုံသူဌေး၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြန်မာအလုပ်သမား မိန်းကလေးနှင့် ယောက်ျားလေး စုစုပေါင်း (၅၀) ဝန်းကျင်ခန့် ရှိနေသေးသည်။ ၎င်းတို့ကို ရဲစခန်းတွင် ပြည်တော်ပြန်ပို့ရန်အတွက် စာရွက်စာတမ်းလုပ်ငန်းစဉ်များနှင့် လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ အကုန်လုပ်ဆောင်ပြီးစီးနေသော်လည်း စက်ရုံသူဌေးဘက်က ရဲများကို ငွေပေး၍ လွှတ်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားခိုင်းနေခြင်း ဖြစ်သည်။
အဆိုပါစက်ရုံမှ လွတ်မြောက်လာပြီး နေရပ်ပြန်ရန် မူဆယ်မြို့စပ်တွင် သောင်တင်ကာ စောင့်ဆိုင်းနေကြရသည့် မြန်မာအလုပ်သမား မိန်းကလေးအချို့မှာလည်း စားဝတ်နေရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။
“ရဲစခန်းမှာလည်း ပြည်တော်ပြန်ဆိုပြီး စာရွက်စာတမ်းတွေ အကုန်လုပ်ပြီးပြီ။ လက်ဗွေလက်မှတ်တွေရော အကုန်လုပ်ပြီးပြီ။ ဓာတ်ပုံတွေလည်း ရဲတွေက အကုန်ရိုက်ထားတယ်။ အဲ့ဒါကို ဘာလို့ပြန်မလွှတ်တာလဲမသိဘူး။ ကူညီပါဦးနော်။ သမီးတို့ မူဆယ်မှာ စောင့်နေတာ စရိတ်ပြတ်တော့မယ် မကြီး။ သမီးအမျိုးသားလည်း ပါလို့စောင့်နေတာ။ ကူညီပါဦး။” ဟု အလုပ်သမား အမျိုးသမီးများက ပြောသည်။
လက်ရှိတွင် ၎င်း Ruining Xinjiang Garment (စိန်ချွန်) စက်ရုံရှိ မြန်မာအလုပ်သမားများအား အဓမ္မခိုင်းစေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရဲစခန်းတွင် မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများအနေဖြင့် မြန်မာအလုပ်သမားများ၏ အသက်အန္တရာယ်နှင့်ရပိုင်ခွင့်များအတွက် အမြန်ဆုံး ဝင်ရောက်စွက်ဖက် ကူညီပေးနိုင်ရန် အလုပ်သမားများနှင့် မိသားစုဝင်များက မျှော်လင့်တောင့်တလျက်ရှိကြောင်း STUM ၏ ဖော်ပြထားမှုအရ သိရသည်။
ပုံစာ။ တရုတ်နယ်စပ်မြို့ ရွှေလီရှိ Ruining Xinjiang Garment (စိန်ချွန်) စက်ရုံတွင် ညှင်းပန်းနှိပ်စက်ခံနေရသော မြန်မာလုပ်သားများ ပုံရိပ် (Photo – STUM)









